လူ့အခွင့်အရေး အစီရင်ခံစာအပေါ် သုံးသပ်ချက်
DVB
·
July 25, 2019
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးက တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးတဲ့ ကိုယ်စားလှယ်အရေအတွက်ကို ကြည့်မယ်ဆိုရင် ဆွေးနွေးတဲ့ ကိုယ်စားလှယ်အရေအတွက် တော်တော်များတာ တွေ့ရပါတယ်။ ဒီအချက်က ဘာကိုပြသနေသလဲဆိုရင် ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်စားလှယ်များက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။
ဆွေးနွေးတဲ့ ကိုယ်စားလှယ် အတော်များများက ကော်မရှင်ရဲ့လုပ်ငန်းတွေ အရင်ကထက် တိုးတက်လာတာကို အသိအမှတ်ပြုကြတာကို သတိထားမိပါတယ်။ အထူးသဖြင့် ကော်မရှင်က သွားရောက်လေ့လာခဲ့တဲ့ ထောင်များ၊ အကျဉ်းစခန်းတွေ၊ ရဲဘက်အလုပ်စခန်းတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုကို အသိအမှတ် ပြုလာခဲ့ကြပါတယ်။ ထောင်များရဲ့ အခြေအနေတွေမှာ လူအရမ်းများတာ၊ ဝန်ထမ်းနဲ့ ထောင်သားအရေအတွက် မညီမျှတာတွေ၊ ကျန်းမာရေးနဲ့ တကိုယ်ရည်သန့်ရှင်းရေးတွေ ဆိုးဝါးနေတဲ့အကြောင်း ကော်မရှင်က တင်ပြထားခဲ့ပြီး ထောင်တွင်းအခြေအနေ တိုးတက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းချက်တွေကို လွှတ်တော်ကိုယ်စားလှယ် အတော်များများက ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ UDHR ကြေညာစာတမ်းကို တိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေမှုကိုလည်း ကြိုဆိုကြပါတယ်။
ကိုယ်စားလှယ်များရဲ့ တင်ပြချက်ကို သုံးသပ်ရရင် ထောင်တွင်းအခြေအနေများနဲ့ ပတ်သက်လို့ အများဆုံး တင်ပြဆွေးနွေးသွားပါတယ်။ ထောင်တွင်းအခြေအနေတွေ တိုးတက်ကောင်းမွန်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ သွားရောက်မစစ်ဆေးရသေးတဲ့ ထောင်တွေ အလုပ်စခန်းတွေကို ဆက်လက်စစ်ဆေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ တချို့ကိုယ်စားလှယ်များကတော့ ရဲစခန်းမှာ စစ်ဆေးရင် သေဆုံးသွားတဲ့ အမှုတွေကို ထောက်ပြရင် ဒီကိစ္စတွေကို ကော်မရှင်က အလေးထား စုံစမ်းစစ်ဆေးဖို့ ထောက်ပြကြပါတယ်။
တချို့ကိုယ်စားလှယ်တွေကတော့ ထောင်တွင်းမှာ အကျဉ်းကျသူတွေ များရတဲ့ အကြောင်းရင်းထဲမှာ ထောင်သားတဝက်ကျော်ဟာ မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထောင်ကျနေတဲ့သူတွေ ဖြစ်တဲ့အကြောင်းကို ထောက်ပြပြီး မူးယစ်ဆေးဝါးအမှုနဲ့ အပြစ်ပေးမှုတွေကို ပြန်လည်သုံးသပ်သင့်ကြောင်း ထည့်သွင်း ဆွေးနွေးသွားတာ တွေ့ရပါတယ်။ ကိုင်းဖျားကိုင်းနားတွေကို အရေးယူတာမဟုတ်ဘဲ မူးယစ်ဆေးဝါးပြတ်ရေး၊ ပြန်လည်ထူထောင်ရေးတွေကို လုပ်ဆောင်မယ်ဆိုရင် မဆိုသလောက် မူးယစ်ဆေးဝါး လက်မှာတွေ့ရှိတာကြောင့် ထောင်ကျခံခဲ့တဲ့ အရေအတွက် လျော့နည်းသွားမယ်လို့ ထောက်ပြကြပါတယ်။
ကော်မရှင်က အကြံပြုသွားတဲ့ အမျိုးသမီး အလုပ်စခန်းတွေကို ပိတ်ပစ်ဖို့ အဆိုပြုချက်ကို ကိုယ်စားလှယ်များက တော်တော်ထောက်ခံကြပါတယ်။ ထောင်တွင်း အလုပ်လုပ်တဲ့အတွက် လုပ်ခရရှိတဲ့နေရာမှာ ထိုက်သင့်သော လုပ်အားခဖြစ်ဖို့ တိုက်တွန်းသွားတာလည်း တွေ့ရပါတယ်။
အကြံပြု တင်ပြချက်တွေကတော့ တော်တော်စုံလင်ပါတယ်။ အထူးသဖြင့် တိုင်ကြားစာတွေ အရင်ကထက် လက်ခံရရှိတဲ့အချက်ကို ကြိုဆိုကြပါတယ်။ ဒါပေမယ့် အများထောက်ပြတဲ့ အချက်ကတော့ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ ကော်မရှင်က လွှဲပြောင်းပေးအပ်တဲ့ အမှုတွေ အကြံပြုချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ရက်ပေါင်း ၃၀ အတွင်း ဘယ်လိုလုပ်ဆောင် အရေးယူ ဆောင်ရွက်တဲ့အကြောင်း ပြန်လည်တင်ပြရမှာဖြစ်ပေမယ့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာကို ထောက်ပြကြပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ တုံ့ပြန်မှု အားနည်းတဲ့ ဌာနတွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာနတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ လူကယ်ပြန်ဝန်ကြီးဌာနကတော့ ၁၀၀% တုံ့ပြန်မှုရှိတာကို သိရတဲ့အတွက် ဂုဏ်ယူချီးကျူးမိပါတယ်။ ဒီလိုပဲ တုံ့ပြန်မှုအားနည်းတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေထဲမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့လည်း ပါဝင်နေပါတယ်။ ဆိုးဆိုးဝါးဝါးကတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရပါ။ ကော်မရှင်က ပေးပို့တဲ့ စာ ၂၃ စောင်ကို တစောင်မှမပြန်လို့ တုံ့ပြန်မှု ၀% ပါတဲ့။ ဒီလို ပူးပေါင်းဆောင်ရွက်မှုနည်းတဲ့ ဌာနတွေ၊ တိုင်း ပြည်နယ်အစိုးရတွေကို ကော်မရှင်က ဆက်သွယ်ပြီး ဘာကြောင့်မတုံ့ပြန်တာလဲကို အဖြေရှာသင့်ကြောင်း ဒေါ်ရွှေရွှေစိတ်လတ်ရဲ့ တင်ပြချက်မှာ တွေ့ရှိရပါတယ်။ တုံ့ပြန်မှုတွေရှိပြီး လုပ်ဆောင်မှုတွေ ဘယ်လိုလုပ်ဆောင်ပါမယ်ဆိုတဲ့ ပြောကြားချက်တွေကို နောက်ဆက်တွဲ စုံစမ်းလေ့လာသင့်ကြောင်း ထောက်ပြသွားခဲ့ကြပါတယ်။
အစီရင်ခံစာတင်ပြချက် ကိန်းဂဏန်းတွေ လွဲနေတာလည်း ရှိပါတယ်။ နောက်ပြီးတော့ အမှုအရေအတွက်ကို တင်ပြတဲ့အခါမှာ လူ့အခွင့်အရေး၊ အမျိုးသမီး၊ ကလေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားအလိုက် ခွဲခြားပြီးတင်ပြရန် ပိုမိုရှင်းလင်းမယ်လို့ ထောက်ပြသွားကြပါတယ်။ ထူးခြားချက်ကတော့ တိုင်ကြားလာတဲ့ အမှုတွေထဲမှာ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အမှုအရေအတွက် အလွန်နည်းပါးတာကို တွေ့ရပါတယ်။ အခုလို ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကော်မရှင်စီ ဘာကြောင့် မရောက်လာသလဲဆိုတာ အဖြေရှာသင့်ပါပြီ။
ဦးဌေးဦး တင်ပြချက်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ မုဒိမ်းမှုတွေနဲ့ တိုင်းရင်းသားပြည်သူတွေ မှတ်ပုံတင်မရတဲ့ ကိစ္စတွေ အများကြီးဖြစ်နေတယ်။ ဒီလိုကိစ္စမျိုးတွေမှာ လာတိုင်မှ လက်ခံတာမဟုတ်ဘဲ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာတွေကို စုံစမ်း သုတေသနတွေလုပ်ဖို့ တိုက်တွန်းသွားပါတယ်။ ဒီလို သုတေသနလုပ်တဲ့ နေရာမှာလည်း ပညာရပ်ကျွမ်းကျင်သူတွေ ပါဝင်ဖို့ လုပ်ငန်းအဖွဲ့တွေကို လိုအပ်သလို ဖွဲ့စည်းပြီး စနစ်တကျလုပ်ဆောင်ဖို့ တိုက်တွန်းသွားပါတယ်။
ပညာပေးလုပ်ငန်းတွေ တိုးတက်လုပ်ဆောင်လာခဲ့တဲ့အပေါ် ကြိုဆိုခဲ့ကြပါတယ်။ အားမလို အားမရမှုတွေလည်း ကျန်နေပါသေးတယ်။ ဒီထက်ပိုပြီး ကျေးလက်တွေစီ အရောက်ဆင်းပြီး ပို့ချဖို့၊ တိုင်းရင်းသား စစ်ဘေးဒဏ်ခံဒေသတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေရှိတဲ့ ဒေသတွေကို မိုမိုအားစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းသွားသူတွေလည်း ရှိပါတယ်။ အခြေခံကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေမှာ လူ့အခွင့်အရေး သင်ခန်းစာတွေကို စနစ်တကျ သင်ကြားနိုင်ဖို့အတွက် ကြိုးပမ်းသင့်ကြောင်း ကော်မရှင်ကို တိုက်တွန်းမှုတွေလည်း ရှိပါတယ်။
ထူးခြားတဲ့ တင်ပြချက်တွေကတော့ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု အကြောင်းကို ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က ဦးဦးထွန်းမောင်၊ ကချင်စစ်ရှောင်စခန်းတွေကို ထပ်မံလေ့လာ ကာကွယ်ပေးဖို့ကို မွန်ပြည်နယ် (၂) က ဒေါ်နွယ်နွယ်အောင်၊ အကျဉ်းထောင်ထဲမှာ စာမေးပွဲအောင်ဖို့ စာသင်ကြားပေးသူ ထောင်သားများကိုလည်း လျှော့ရက်ပေးဖို့နဲ့ ရဲတပ်ဖွဲ့အင်အား တိုးဖို့ကို စမ်းချောင်းကိုယ်စားလှယ် ဦးဘိုဘိုဦး၊ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်နဲ့ ရွေးချယ်တင်မြှောက်ခွင့် အကြောင်းကို လူထုထဲ ထိထိရောက်ရောက် ပညာပေးဖို့ အကြောင်းကို ဒေါပုံကိုယ်စားလှယ် ဦးပြုံးချိုတို့က ထောက်ပြသွားကြပါတယ်။
ကော်မရှင်ရဲ့ ဥပဒေအကြောင်းကို တို့ထိသွားတဲ့သူကတော့ ဒေါ်ဆူဇန်နာလှလှစိုး ဖြစ်ပါတယ်။ ကော်မရှင်မှာ CSO ကိုယ်စားပြုမပါတဲ့ကိစ္စ၊ အသက်သတ်မှတ်ချက် (၃၅) နှစ်ဆိုတာ လူငယ်တွေပါဝင်ခွင့်ကို ကန့်သတ်ရာရောက်တာကို ထောက်ပြသွားပါတယ်။ ဝန်ထမ်းတွေ ရွေးချယ်ရာမှာ ကျားမအရေအတွက် ညီမျှဖို့နဲ့ တိုင်းရင်းသားတွေ ပါဝင်ဖို့၊ ရွေးချယ်တဲ့နေရာမှာ လက်သင့်ရာ ခေါ်တာမျိုး မဟုတ်ဘဲ လူ့အခွင့်အရေး အတွေ့အကြုံ ရှိသူတွေကို ဦးစားပေးခေါ်ဖို့၊ ကိုယ်စားလှယ်ရွေးချယ်မှု စံချိန်စံညွှန်းကို တိတိကျကျသတ်မှတ်ပြီး အများသိအောင် ထုတ်ပြန်ပေးဖို့ တိုက်တွန်းသွားပါတယ်။
ယေဘုယျပြောရရင်၂၀၁၈ အစီရင်ခံစာက တိုးတက်လာပါတယ်။ အောင်မှတ်ရလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့မြင်ချင်တာ ဂုဏ်ထူးပန်းတွေ ဝေဆာနေတဲ့ ကော်မရှင်မျိုး ဖြစ်ပါတယ်။ ဆက်လက် ကြိုးပမ်းစေချင်ပါတယ်။ ကော်မရှင်ဥပဒေကို ပြန်လည်သုံးသပ်မှုတွေကိုလည်း လုပ်ဆောင်စေချင်ပါတယ်။
အောင်မျိုးမင်း