Home
ရုပျသံ
မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်စုများကို နိုင်ငံသားကတ် ပြုလုပ်ပေး (ရုပ်သံ)
DVB
·
June 18, 2015
Thai Maesod ID
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်စုတွေကို မဲဆောက်မြို့က မြို့ပိုင်ရုံးမှာ ထိုင်းနိုင်ငံသားကတ် ပြုလုပ်ပေးနေပါတယ်။ ထိုင်းနိုင်ငံရှေ့နေများကောင်စီ နိုင်ငံမဲ့ရေးရာဌာန တာဝန်ခံ နိုင်စုလဖုန်းက ဦးစီးပြီး မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်စုတွေအတွက် ထိုင်းနိုင်ငံသားကတ်ပြား ပြုလုပ်ပေးနေတာပါ။ ထိုင်း-မြန်မာနယ်စပ် မြို့နယ် ၅ ခုထဲမှာ နေထိုင်တဲ့ မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်စုထဲက လူဦးရေ ၃၀၀ ကျော်ရှိနေပြီး အဲဒီထဲက ၇၃ ဦးက ထိုင်းနိုင်ငံသား ကတ်ပြားရရှိဖို့ လျှောက်ထားခဲ့ရာမှာ တရားလွှတ်တော်ထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ထိုင်းဘုရင့်အစိုးရ အမိန့်ပြဋ္ဌာန်းချက်အရ ဇွန်လ ၆ ရက်နေ့မှာ ထိုင်းနိုင်ငံသားအဖြစ် ခွင့်ပြုလိုက်ပါတယ်။ တချိန်က ဒီလူတွေဟာ ထိုင်းမျိုးနွယ်စုတွေ ဖြစ်တဲ့အတွက် သူတို့ကို ခိုလှုံခွင့်နဲ့ လက်ခံထားတာ မဖြစ်နိုင်ဘဲ ထိုင်းဥပဒေနဲ့အညီ လျော်ညီတဲ့အခွင့်အရေးအတွက် ထိုင်းလွှတ်တော်မှာ တင်ပြပြီး ထိုင်းဘုရင့်အစိုးရ အမိန်ပြဋ္ဌာန်းခွင့်ပြုချက်နဲ့ အခုလို မှတ်ပုံတင် ပြုလုပ်ပေးတာပါလို့ ထိုင်းရှေ့နေများကောင်စီရဲ့ နိုင်ငံမဲ့ရေးရာဌာနတာဝန်ခံက ပြောပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ အဲဒီ ၇၃ ယောက်ထဲက ၆ ဦးကို မဲဆောက်မြို့ပိုင်ရုံးမှာ ထိုင်းနိုင်ငံသား ကတ်ပြားထုတ်ပေးပြီး ကျန်သူတွေလည်း အချိန်မရွေး လာရောက်ထုတ်ယူနိုင်တယ်လို့ ပြောပါတယ်။ မျိုးနွယ်စုတွေရဲ့ အခွင့်အရေးဆိုင်ရာအရ သူတို့ဟာ နိုင်ငံသားအဖြစ် ပြောင်းလဲလာပေမယ့် ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံသားတွေနဲ့ အခွင့်အရေး တန်းတူတော့ မရရှိသေးပါဘူး။ ဝန်ကြီးချုပ်လို၊ မြို့ပိုင်လို၊ နယ်မြေခံအဖွဲ့အစည်း အစိုးရ၀န်ထမ်းတွေလို နေရာတွေကိုတော့ ၀င်ရောက်အရွေးခံလို့ မရသေးပါဘူး။ အဲဒါတွေ ရရှိဖို့ အချိန်ကာလတခု စောင့်ရပါဦးမယ်လို့ မဲဆောက်မြို့ပိုင်က ရှင်းပြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြို့နယ် ၅ ခုမှာ ထိုင်းဘက်ခြမ်းကို လာရောက်ခိုလှုံနေသူ မြန်မာပြည်ဖွားတွေ အများအပြားရှိပြီး ထိုင်းမျိုးနွယ်စုနဲ့ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေကို အရောင်မတူတဲ့ ကတ်ပြားတွေနဲ့ ခွဲခြားလက်ခံထားရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024