Home
မေးမြန်းခန်း
ဗမာ့နိုင်ငံရေးရှုပ်ထွေးမှုနဲ့ တရုတ်သံတမန်ခင်း ပျော့ပြောင်းမှုဆုံလို့ ဒေါ်စုခရီးစဉ် ဖြစ်လာတာပါ - ဒေါက်တာ လှကျော်ဇော
အေးနိုင်
·
June 9, 2015
dr-hla-kyaw-zaw02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ၊ တရုတ်သမ္မတနဲ့ တရုတ်ဝန်ကြီးချုပ်တို့နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှ၊ ဥရောပနဲ့ အမေရိကတိုက်တွေက နိုင်ငံတွေဆီ ခရီးသွားခဲ့ပြီး အိမ်နီးချင်း တရုတ်နိုင်ငံကိုတော့ အခုမှ ပထမဆုံးအကြိမ် သွားရောက်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇောက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ ဗမာ့နိုင်ငံရေးရှုပ်ထွေးမှုနဲ့ တရုတ်သံတမန်ခင်း ပျော့ပြောင်းမှုတို့ရဲ့ ဆုံချက်ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ဟာ နှစ်နိုင်ငံပါတီချင်း ဆက်ဆံရေးမှ အရေးကြီးတဲ့ ခရီးစဉ်ဖြစ်ကြောင်း၊ ပါတီနဲ့ အစိုးရအဖွဲ့က ခေါင်းဆောင်တွေ လက်ခံတွေ့ဆုံမှာဖြစ်ကြောင်း၊ ဒီခရီးစဉ်ကြောင့် နှစ်ဖက်ဆက်ဆံရေး တိုးပွားမယ်လို့ မျော်လင့်သလို နှစ်နိုင်ငံ ဘက်စုံမိတ်ဖက်၊ ပူးပေါင်းမိတ်ဖက် ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ အတူတကွ ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့မှာ ရှင်းလင်းခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိပ်ပိုင်းနဲ့ အလယ်အလတ်ခေါင်းဆောင်တွေကတော့ ၂၀၁၃ ခုနှစ်ကတည်းကစပြီး တရုတ်နိုင်ငံကို အနည်းဆုံး ၄ ကြိမ် သွားရောက်ခဲ့ကြပြီးပါပြီ။ မနှစ် ဒီဇင်ဘာတုန်းက ရန်ကုန်မြို့ကို ရောက်ရှိတဲ့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွားရောက်လည်ပတ်ခဲ့အပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ဖိတ်ကြားတဲ့ အစီအစဉ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က ဒီအချိန်မှာ ပေါ်ပေါက်လာတာကို အန်တီ ဘယ်လိုအမြင် ရှိပါသလဲခင်ဗျ။ “ဒီလိုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်က ဖိတ်နေတာကြာပြီ။ နှစ်နဲ့ချီပြီး ဖိတ်နေတာပဲ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လာရေးနဲ့ ပတ်သက်လို့ကတော့ သူတို့အနေနဲ့ ဘယ်သူက ထွက်ဧည့်ခံမလဲ ဆိုတာပေါ့နော်၊ သူ့ကို ဘယ်အဆင့်ပေးမလဲဆိုတာ။ ဘာဖြစ်လို့လဲဆို တရုတ်မှာ အရင်တုန်းက သူတို့က သံတမန်ထုံးတမ်းစဉ်လာတွေ ရှိတယ်လေ။ တိုင်းပြည်က သမ္မတကလာရင် နောက် နိုင်ငံက သမ္မတက ထွက်ကြိုတာမျိုးပေါ့နော်၊ အဲဒါမျိုးရှိတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အနောက်တိုင်းနိုင်ငံတွေကို ဘယ်နိုင်ငံသွားသွား အမြင့်ဆုံးခေါင်းဆောင်တွေက ဆင်းကြိုတာဖြစ်တယ်။ အဲဒီတော့ တရုတ်ပြည်က ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်တဲ့အခါမှာ သာမန်အတိုက်အခံပါတီလေး တခုရဲ့ ဥက္ကဋ္ဌပဲဖြစ်နေတာကိုး။ အဲဒါကြောင့်မို့လို့ သူတို့ဘက်က တစုံတရာ အခက်အခဲ ရှိပုံရတယ်။” “ဒါပေမယ့် အခုကျတော့ ဗမာပြည်ရဲ့ အခြေအနေက ပိုမိုရှုပ်ထွေးလာတယ်။ တရုတ်ပြည်ကလည်း သူ့ရဲ့ သံခင်းတမန်ခင်းအရ ဗမာပြည်ရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ တက်တက်ကြွကြွ ၀င်ရောက်ဖြေရှင်းပေးဖို့လိုတယ်လို့ တွက်လာလို့၊ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ပြီး သမ္မတကော၊ ၀န်ကြီးချုပ်ကကော တွေ့ဖို့ စီစဉ်တာဖြစ်တယ်။ သမ္မတရှီကျင့်ဖင်က သူက တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တော့ ပါတီခေါင်းဆောင်ချင်းတွေ့တဲ့ သဘောထားမျိုးလည်း ဖြစ်တဲ့အတွက် သူတို့ဘက်က ပျော့ပျော့ပြောင်းပြောင်းနဲ့ အဲလိုစီစဉ်လိုက်နိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ဖြစ်မြောက်သွားတယ်လို့ ထင်တယ်။ အဓိက ကတော့ အချိန်အခါပေါ့။ ဗမာပြည်ရဲ့ နိုင်ငံရေးတွေ ရှုပ်ထွေးလာတာရယ်၊ တရုတ်ပြည်ဘက်က သံခင်းတမန်ခင်းမှာ ပျော့ပြောင်းလာတာရယ် အဲဒီနှစ်ခု သွားဆုံတာပါ။” ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့ကာလ၊ တိုင်းရင်းသားတွေ လော်ခီးလာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဆဲကာလမှာ ခရီးစဉ်ပေါ်လာတော့ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာတွေ ဆွေးနွေးလိုတယ်လို့ တွက်ဆနိုင်လဲခင်ဗျ။ “ဗမာပြည်ရဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ဗမာပြည်ကို သူတို့ ပြည်တွင်းစစ် ပြီးစေချင်တယ်။ အဲဒီတော့ ဗမာပြည် ပြည်တွင်းစစ်ပြီးလို့ရှိရင် စစ်တပ်ဘက်ကလည်း လိုက်လျောရမယ်။ အတိုက်အခံတွေဘက်ကလည်း လိုက်လျောရမယ်လို့ သူကတွက်တယ်။ ဒါကြောင့်မို့လို့ ဒီပြည်တွင်းစစ်ကြီး ဆက်ရှိသွားရင် ဗမာပြည်ကြီးဟာ ကျဆုံးနိုင်ငံဖြစ်နိုင်တယ်။ အဲလိုဖြစ်ရင် တခြားအာရှနိုင်ငံတွေပေါ့နော် အရှေ့တောင်အာရှနိုင်ငံတွေအားလုံး ဒုက္ခရောက်နိုင်တယ်။ တရုတ်ပြည်ရဲ့ အကျိုးစီးပွားလည်း ထိခိုက်နိုင်တယ်။ ဒါကြောင့် ဗမာပြည် ငြိမ်းချမ်းဖို့အတွက် လက်ဦးမှုရှိတဲ့၊ အပေါင်းလက္ခဏာဆန်တဲ့ ၀င်ရောက်ဖျန်ဖြေမှုတွေ လုပ်သင့်တယ်လို့ တရုတ်က တွက်ပုံရတယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တာလို့ ကျမတော့ သဘောပေါက်တယ်။” ဗမာပြည်ရဲ့ ပြည်တွင်းစစ်သမိုင်းမှာ တရုတ်က မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုတဲ့ပုံစံမျိုး အမြတ်တွေ အများကြီးရနေတယ် မဟုတ်လား။ အဲဒီပြောဆိုမှုတွေကို အန်တီ ဘယ်လို တုံ့ပြန်နိုင်မလဲ။ တရုတ်အစိုးရက ရနေတယ်မဟုတ်လား။ “အဲဒီဟာက ဘယ်လိုခေါ်မလဲ စစ်အေးခေတ်ကာလရဲ့ အတွေးအခေါ်ဖြစ်တယ်လေ။ အခုကာလက တရုတ်ကိုယ်တိုင်က ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဆောင်ပုဒ်ကို တင်လာတဲ့အတွက် သူက တတ်နိုင်သမျှ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ပဲ အဓိကထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုကာလမျိုးမှာ ငြိမ်းချမ်းရေးရဖို့အတွက် ၀င်ရောက်ပါဝင်လာတယ်လို့ တွက်ဆရပါတယ်။” တရုတ်နိုင်ငံရဲ့ မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ဘယ်လိုမျိုး ဖော်ပြရေးသားနေတာ တွေ့ရလဲ။ “အခုန ကျမပြောတဲ့ဟာတွေအားလုံးက တရုတ်မီဒီယာတွေထဲကဟာတွေ ဖတ်ပြီးပြောတာပါ။ တရုတ်တွေကတော့ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တာမှန်တယ်။ တရုတ်အစိုးရအနေနဲ့ တစုံတရာ ပျော့ပြောင်းလာပြီ ဘာညာနဲ့ အဲလို ၀ိုင်းပြောနေတယ်။ နောက်ပြီးတော့ ဗမာပြည်ရဲ့ အရေးကိုလည်း သူတို့က သူတို့နိုင်ငံ ထိထားတာဖြစ်တာကိုး။ သူတို့လူမျိုးတွေ သေထားတာဖြစ်တော့ တရုတ်ပြည်က အခုလို လက်ဦးမှုရှိရှိဝင်တာကို ထောက်ခံကြပါတယ်။”

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013