Home
မေးမြန်းခန်း
တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို မဟာမိတ်ဖွဲ့ထားပြီးပြီ - ဒေါက်တာ လှကျော်ဇော
အေးနိုင်
·
December 1, 2015
dr-hla-kyaw-zaw
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ယူနန်စစ်ဒေသမှူး ဗိုလ်မှူးချုပ် ယန်ဂွမ်းရယ်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး ရွေးကောက်ပွဲလွန်ကာလ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး အခြေအနေတွေ ဆွေးနွေးကြပါတယ်။ မနေ့မနက်ပိုင်းက ဘုရင့်နောင်ဧည့်ရိပ်သာမှာ တွေ့ဆုံရာမှာ ရွေးကောက်ပွဲအခြေအနေ၊ တပြည်လုံး အပစ်ရပ်သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးအပြီး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ထုတ်ပြန်ပါတယ်။ တရုတ်စစ်ဘက်ဆိုင်ရာခေါင်းဆောင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်ဝေဖန်သူ ဒေါက်တာလှကျော်ဇောကို မေးမြန်းထားပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ယူနန်စစ်ဒေသမှူး ဗိုလ်မှူးချုပ် ယန်ဂွမ်းရယ် ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံတွင်းမှာ ဘယ်လိုသတင်းတွေဖြစ်နေလဲ၊ ဘာအရေးကြီးလို့ ဗမာပြည်ကို တက်သုတ်ရိုက်လာတာလဲ။ "အဲဒီဟာက တိုက်ဆိုင်သွားတာ (ရွေးကောက်ပွဲ) ဖြစ်လိမ့်မယ်ထင်တယ်။ တရုတ်က ဒီလိုပါ၊ အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ ပေါင်းပြီး အာဆီယံနဲ့ တရုတ်နဲ့ စစ်ရေးအရ ပူးပေါင်းဖို့ လုပ်ဆောင်တာတွေ အများကြီးရှိပါတယ်။ နောက်တခုက တောင်တရုတ်ပင်လယ်ကိစ္စနဲ့  ပတ်သက်လို့လည်း အာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ Code of Coduct (လိုက်နာရမယ့်ကျင့်ဝတ်) ပေါ့၊ သဘောတူညီချက်တွေရဖို့ တော်တော်ကြိုးစားနေတာတွေ ရှိပါတယ်။ အဲဒီဟာတွေရဲ့အဆက်ဖြစ်လိမ့်မယ် ထင်ပါတယ်။ နောက်တခုကလည်း ဟုတ်ပါတယ်။ နောက်တခုကလည်း ဗမာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ နယ်စပ်တလျှောက်မှာရှိတဲ့ တပ်တွေနဲ့ ဆက်ဆံရေးတွေ ဘာတွေပေါ့၊ အဲဒီဟာကလည်း နည်းနည်းပါးပါး ရှုပ်ထွေးလာမှာကို စိုးရိမ်လို့ ကြိုတင်ပြီးတော့ သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နှစ်ချက်ပေါ့။ တချက်ကတော့ ခုနပြောသလို အေဆီယံနိုင်ငံတွေ အားလုံးနဲ့ ပတ်သက်တဲ့ဟာ ဖြစ်နိုင်တယ်။ နောက်တခုကတော့ ကျမတို့ နယ်နိမိတ်တောက်လျှောက်မှာ ရှိနေတဲ့ လူမျိုးစုတပ်ဖွဲ့များနဲ့ ပတ်သက်လို့လည်း ဖြစ်နိုင်ပါတယ်။" ၂၀၁၃ ခုနှစ်လယ်ပိုင်းတုန်းက ယူနန်စစ်ဒေသမှူး အပါအ၀င် တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မြန်မာပြည်ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ကြတယ်။ အဲဒီတုန်းက ဆွေးနွေးရာမှာ နှစ်နိုင်ငံအစိုးရချင်းသာ မကဘူး။ တပ်မတော် ၂ ခုအကြား မဟာဗျူဟာမြောက် ဆက်ဆံရေးကို နောက်တဆင့် တိုးမြှင့်ရေး ပါရှိပါတယ်။ အခု အနိုင်ရ အန်အယ်လ်ဒီပါတီ အစိုးရဖွဲ့ရင်ရော ဘယ်လိုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိလဲ။ "သူတို့အနေနဲ့က ဗမာပြည်ရဲ့ နိုင်ငံရေးအရ ဖြစ်ပေါ်လာမယ့် အစိုးရကို သူတို့ထောက်ခံမှာပဲ။ ဒါဟာ တရုတ်ရဲ့မူဝါဒပဲ။ ဒါကြောင့်မို့လည်း သူတို့ အစောကြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သူတို့ဖိတ်ခေါ်ပြီးတော့ မဟာမိတ်ဖွဲ့ထားပြီးပြီလေ။ အဲဒီတော့ ဒါက နိုင်ငံအချင်းချင်း ဆက်ဆံရေး၊ တပ်မတော်အချင်းချင်း ဆက်ဆံရေးက တကဏ္ဍစီ၊ တကဏ္ဍစီပဲ။ အဲဒါကြောင့်မို့လို့ တပ်မတော်နဲ့ ဆက်ဆံရေးလည်း ကောင်းအောင် သူကြိုးစားမှာပဲ၊ အစိုးရချင်း ဆက်ဆံရေးလည်း ကောင်းအောင်ကြိုးစားမှာပဲ။" ယူနန်ပြည်နယ်စပ်မှာ ကိုးကန့်တိုက်ပွဲ ဖြစ်အပြီးမှာ တရုတ်စစ်တပ်က ကြည်း၊ လေ၊ သံချပ်ကာတပ်တွေနဲ့ ကျည်အစစ်သုံးပြီး စစ်ရေးလေ့ကျင့်ခဲ့တယ်။ ဘယ်တော့ပြီးမယ်မှန်း မသိသေးဘူး။ ဒါဟာ တရုတ်နယ်စပ် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက မြန်မာပြည်အပေါ် ဖိအားတစုံတရာ ပေးတဲ့သဘောလား။ "ကျမကတော့ ဒီလိုမြင်တယ်ဗျ။ သူက သူ့ပြည်တွင်းလိုအပ်ချက်အရ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပြည်တွင်းက လူတွေကိုက သေသွားတာ ဖြစ်တာကိုး။ သေတဲ့အခါကျတော့ အဲဒီဟာကို သူ့ပြည်တွင်းမှာကိုက တော်တော်စိတ်ဆိုးကြတယ်။ ပြီးတော့ ဗမာအစိုးရကလည်း၊ ဗမာ့တပ်မတော်ကလည်း မဖြစ်ညစ်ကျယ်တွေပေါ့ဗျာ၊ ကျော်ပြီးပစ်တာတို့ ဘာတို့တွေ လုပ်တယ်ဗျ။ အဲဒါကြောင့်မို့လို့ သူတို့ အဲဒီဒေသမှာရှိတဲ့ လူတွေကိုက အစိုးရကို ငါတို့ကို ကောင်းကောင်းမကာကွယ်ပေးဘူးလားလို့ မကျေမနပ် ပြောဆိုလာတဲ့အတွက် ဒီ တရုတ်ပြည် သူတို့နယ်စပ်တလျှောက်မှာရှိတဲ့ လူတွေရဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ လုံခြုံရေးအတွက် သူတို့လုပ်ရတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဗမာပြည်ကိုတော့ တမင်သက်သက် ဟိုဒင်း (ဖိအားပေး) လုပ်တာမဟုတ်ဘူးလို့ ထင်ရတာပဲ။" နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ဘယ်လိုမျိုးဖြစ်လာမယ်လို့ သုံးသပ်မိလဲ။ "ကျမ အခုတလော တရုတ်ပြည်မှာလည်း သူတို့ ဗမာပြည်နဲ့ပတ်သက်လို့ ဆွေးနွေးတာတွေ တယ်လီဗွီးရှင်းမှာ ဆွေးနွေးတာတွေ ကြားပါတယ်။ သူတို့က ပြည်သူလူထုရဲ့ ရွေးချယ်မှုကို သူတို့နာခံမယ်၊ ဒါပေမယ့် တဘက်ကိုလည်း သူတို့လေးစားပါတယ်ပေါ့ဗျာ။  နောက်တခုကလည်း သူတို့ကတော့ ဒီလိုပြောတယ်။ နိုင်ငံတွေဟာတဲ့ ပါတီတွေက အခုလို အပြတ်အသတ် နိုင်ပြီးလို့ရှိရင် ငါတို့အကုန်နိုင်တယ်၊ ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ စိတ်မျိုးတော့ မထားသင့်ဘူးတဲ့။ တနိုင်ငံလုံးက အင်အားစုတွေ အားလုံးပါတဲ့၊ လူမျိုးတွေ အားလုံးပါတဲ့၊ စည်းလုံးညီညွတ်တဲ့ အစိုးရမျိုး ဖွဲ့နိုင်အောင် ကြိုးစားဖို့သင့်တယ်လို့ သူတို့ပညာရှင်တွေ ဆွေးနွေးတဲ့ဝိုင်းမှာ ပြောတာ ကြားလိုက်ရပါတယ်။"

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013