ကိုယ့်စွမ်းအင်နှင့် ကိုယ်လည်ပတ်သည့် ရှေ့ပြေးမော်တော်ဆိုင်ကယ်
DVB
·
May 5, 2015
ရွေ့လျားနေတဲ့ယာဉ်တစီးကနေ စွမ်းအင်ထုတ်ယူပြီး ဒီယာဉ်ကို ပြန်ပေးရင် ဘယ်လို နေမလဲ။ ဒီမေးခွန်းကတော့ မက္ကဆီကိုနိုင်ငံ ၀ါဟားခါးပြည်နယ်မှ ကျောင်းသားကျောင်းသူတွေက လွန်ခဲ့တဲ့ ၁ နှစ်က မေးထားတဲ့ မေးခွန်းပါ။ ဒီမေးခွန်းရဲ့ရလဒ်အဖြစ် ၁၇ နှစ်အရွယ် ဗစ်တာဂါဆီယာ ဖန်တီးတဲ့ R-Walker အမည်ရ ရှေ့ပြေးမော်တော်ဆိုင်ကယ်တစီး ထွက်ပေါ် လာခဲ့ပါတယ်။
"ဒီပရောဂျက်ကတော့ မောင်းနှင်နေတုန်းမှာ ကိုယ့်စွမ်းအင်နဲ့ ကိုယ်လည်ပတ်တဲ့ ရှေ့ပြေးပုံစံပါ။ ပိုပြီး မြန်လာတာနဲ့ ခရီးပေါက်သလောက် စွမ်းအင်ကို ပိုထုတ်ပေးနိုင်လာတယ်။ ဒါဆိုရင် ဘက်ထရီကို ၆ နာရီကနေ ၈ နာရီထိ သွင်းဖို့ မလိုအပ်တော့ဘူး။"
ဂါဆီယာကတော့ ဒီနည်းစဉ်ကို အလိုလိုအားဖြည့်စနစ်လို့ ခေါ်ပါတယ်။ အလျင်နဲ့အရွေ့ကို စွမ်းအင်အဖြစ် ပြောင်းပေးတဲ့ ဥပဒေသကို အခြေခံထားတာပါ။ အင်ဂျင်က ကိုယ်တိုင်စွမ်းအင် ထုတ်ပြီး ၁ မိနစ်ကို အပတ်ရေ ၂၀၀၀ အထိ လည်ပတ်ပါတော့တယ်။ အင်ဂျင်စနှိုးချိန်မှသာ ဘက်ထရီ လိုအပ်ပြီး နောက်ပိုင်းမှာတော့ လောင်ကျွမ်းပေါက်ကွဲစရာ မလိုတော့ဘဲ ကီလို ၁၁၀ အလေးချိန်ကို တင်ဆောင်ကာ ကီလိုမီတာ ၆၀ နှုန်းနဲ့ ခရီးသွားနိုင်ပါတယ်။ တွဲဖက်တီထွင်သူ ရောလ်ဂရာဂျေးလ်စ်ကတော့ ဒီ R-Walker ဆိုင်ကယ်ဟာ မော်တော်ဆိုင်ကယ် စီးနှင်းသူတွေ အတွက် အကုန်အကျများစွာ သက်သာစေသလို ပတ်ဝန်းကျင်ထိခိုက်မှုကို အများကြီး လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
"ဒီဆိုင်ကယ်မျိုးတွေသာ စီးကြရင်တော့ တနေ့စာ သုံးရမယ့် ဘက်ထရီအလုံးရေ ၂၀၀ လောက် လျော့ချပစ်နိုင်သလို လေထုညစ်ညမ်းမှုကို ၇၀ ရာခိုင်နှုန်းလောက် လျော့ချပစ်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ ဒီဆိုင်ကယ်က ညစ်ညမ်းဓာတ်ငွေ့ မထုတ်လွှတ်တဲ့အပြင် ဘက်ထရီသက်တမ်းကိုလည်း ၅ နှစ်ကနေ ၁၀ နှစ်ထိ ဆွဲဆန့်နိုင်မှာမို့ပါ။"
သူတို့ဟာ ခုလို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ဆိုင်ကယ်ကို ရီဆိုက်ကယ်လုပ်ထားတဲ့ ကုန်ကြမ်းတွေနဲ့ တည်ဆောက်တာမို့ ၁ စီးဈေးနှုန်းက ဒေါ်လာ ၂၀၀ ၀န်းကျင်သာ ကုန်ကျမှာပါ။ ဒီဆိုင်ကယ်က ရမယ့် အကျိုးကျေးဇူးနဲ့ ယှဉ်ရင် ဒီဈေးနှုန်းက အတော့်ကို ချိုတယ်လို့ ဆိုရမှာပါ။