၁ နာရီ မိုင် ၈၀၀ နှုန်း ခရီးနှင်မည့် လွန်းပျံယာဉ်
DVB
·
July 24, 2015
အနာဂတ်ကို စိတ်ကူးယဉ်နေသူတွေအဖို့တောင် ဒီနည်းပညာက အလှမ်းဝေးလွန်းသေးတယ်လို့ ထင်ချင်စရာပါ။ အဲဒါကတော့ စတီးပြွန်တခုနဲ့ ၁ နာရီ မိုင် ၈၀၀ နှုန်း ခရီးနှင်ခြင်းပဲဖြစ်ပါတယ်။
လူအပြည့်လိုက်ပါလာတဲ့ စတီးကျည်တောက်တခု ပြွန်တစ်ခုအတွင်းမှာ အဟုန်ပြင်းပြင်းနဲ့ ရွေ့လျားနေတယ်လို့ တွေးကြည့်လိုက်ပါ။ လေယာဉ်တွေ အမြင့်ကြီးက ပျံတဲ့အခါ ကြုံရတဲ့ လေဖိအားနိမ့် ပတ်ဝန်းကျင်မျိုးကို ဒီပြွန်ဥမင်ထဲမှာ ဖန်တီးပေးထားပါတယ်။ ဒါကြောင့် ပြွန်ဥမင်တွင်းမှာသွားနေတဲ့ လွန်းပျံယာဉ်ဟာ လေရဲ့ခုခံမှုကို သိပ်မတွေ့ရတဲ့အတွက် စွမ်းအင်နည်းနည်းနဲ့ အမြန်ဆုံး ခရီးနှင်နိုင်ပါတယ်။
မတော်တဆထိခိုက်မှုတွေ မရှိနိုင်သလို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့အပြင် လက်မှတ်ခကလည်း အလကားနီးနီးလောက် ဈေးချိုမှာပါ။ ဒါဟာ ဘီလီယံနာ လုပ်ငန်းရှင် အယ်လွန်မာ့စ်ခ် တချိန်က တွေးခဲ့တဲ့စိတ်ကူးပါ။ ဒါကို ဒါ့အာလ်ဘွန်းက တကယ်ဖြစ်အောင် တီထွင်လိုက်တာဖြစ်ပါတယ်။
မာ့စ်ခ်ရဲ့ Space X က ပြေးလမ်းအတွက်ပြင်ဆင်ပြီး ခရီးသည်တင်နိုင်မယ့် လွန်းယာဉ်တွေကို ဒီဇိုင်းထုတ်ဖို့ ပြောနေချိန်မှာ အာလ်ဘွန်း နဲ့ သူ့ကုမ္ပဏီဖြစ်တဲ့ Hyperloop Transportation Technologies ကတော့ ကယ်လီဖိုးနီးယား HTT တက္ကသိုလ်မှာ ကိုယ်ပိုင်လွန်းယာဉ်တည်ဆောက်ပြီး ကွေးဘယ်လီမှာ နောက်နှစ်ကျရင် စတင်စမ်းသပ် ပြေးဆွဲတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အစပဲရှိသေးတယ်လို့ သူက ဆိုပါတယ်။
"၀င်ငွေဖန်တီးနိုင်မယ့်အခြားနည်းတွေ ရှိမလား။ တာဝါတိုင်တွေကို ကွန်ကရစ်နဲ့ဆောက်မှာမို့ လေသန့်ပေးနိုင်မယ့် ကွန်ကရစ်တွေရလာမယ်။ သူတို့ထဲ မှာ ဥယျာဉ်တွေလည်း စိုက်ပျိုးနိုင်မယ်။ ဒီကွန်ကရစ်တိုင်တွေထဲမှာ ပျားတွေမွေးလို့ရမယ်။ ကွဲပြားတဲ့ စွမ်းအင်ဖြေရှင်းမှုတွေလုပ်နိုင်မယ်။ ဒီတော့ ဒီလိုနောက်ဆုံးပေါ် နည်းပညာတခုဖန်တီးဖို့ ကျနော်တို့ အများကြီးလုပ်နိုင်ပါတယ်။"
ဒီနည်းပညာကို အာလ်ဘွန်း တဦးတည်းကပဲ စွန့်ဦးတီထွင်ခဲ့တာမဟုတ်ပါဘူး။ HTT မှာ သူနဲ့ လူပေါင်း ၃၆၀ ပါဝင်တဲ့အဖွဲ့ဟာ လူထုဆီကနေ နည်းပညာတွေ လုပ်အားတွေ စုဆောင်းပြီး ခုလို အရှိန်အဟုန်နဲ့ ဖန်တီးနိုင်ခဲ့တာပါ။ ဒါကြောင့် လာမယ့် ၂ နှစ်အတွင်းမှာ ခရီးသည်တွေကို တင်ဆောင်ပြေးဆွဲနိုင်တော့မှာပါ။
"ကွေးဘယ်လီ မြို့အနှံ့ ပြေးဆွဲမယ်ဆိုရင် ၁ နှစ်ကို ခရီးသည် ၂ သန်း ပို့ဆောင်ပေးနိုင်မှာပါ။ လာမယ့် ၂၀၁၈ မှာ စဖွင့်ပါမယ်" လို့ အာလ်ဘွန်းက ပြောပါတယ်။
အဲဒီအချိန်ကျရင် လူကြီးမင်းအနေနဲ့ ဗီယင်နာမှာ မနက်စာစားပြီး လန်ဒန်မှာ အချိုပွဲနဲ့ ပိတ်နိုင်တော့မှာပါ။ တချိန်က အလှမ်းဝေးလွန်းတယ်ဆိုတဲ့အိပ်မက်ဟာ ခုတော့ အနီးကပ်ဆုံး အနေအထားကို ရောက်လာပြီလို့ ဆိုရပါတော့မယ်။