ကျောင်းသားများ အကြမ်းဖက်ခံရမှု စိုးရိမ်ကြောင်း အီးယူပြော
DVB
·
March 8, 2015
ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်အနီဝတ် အရပ်ဝတ်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အပေါ် စိုးရိမ်းမကင်း ဖြစ်ရတယ်လို့ အီးယူက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့က အီးယူကိုယ်စားလှယ်ရုံးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး အခုလို ဖြစ်ရပ်တွေကို ကြည့်ရင် အီးယူအနေနဲ့ နောက်ထပ် သင်တန်းတွေ ပေးဖို့ လိုအပ်နေတာကို ထောက်ပြနေတယ်လို့ ဖော်ပြထားပါတယ်။
အီးယူအနေနဲ့ ၂၀၁၃ ကစပြီး မြန်မာရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြုလုပ်ဖို့နဲ့ လူစုလူဝေးကို နောက်ဆုံးအဆင့်ကျမှ ဖြိုခွဲမှုတွေ လုပ်ဆောင်ဖို့ သင်တန်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြို့တော်ခန်းမရှေ့ ကျောင်းသားတွေ အကြမ်းဖက် ဖြိုခွဲ ခံရတာနဲ့ ပက်သက်လို့ ရဲတပ်ဖွဲ့ကို သင်တန်းပေးနေတဲ့ ရန်ကုန်မြို့က အီးယူ သမဂ္ဂရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြတာ ပြုလုပ်ခဲ့ပါတယ်။
အီးယူကတော့ ရဲတပ်ဖွဲ့ကလွဲလို့ တခြား အင်အားစုတွေကို လေ့ကျင့်သင်ကြားပေးတာ မရှိဘူးလို့ လည်း ထုတ်ပြန်ချက် ရေးသားထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲ ဖမ်းဆီးတာဟာ ဒီမိုကရေစီနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေတာတွေနဲ့ မကိုက်ညီဘူးလို့လည်း ပြောဆိုထားပါတယ်။