
မြစ်ချောင်းတွေမှာ ညစ်ညမ်းစေတဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကို ပြင်းထန်စွာကန့်ကွက်ပြီး မြစ်ချောင်းတွေ လွတ်လပ်စွာ စီးဆင်းနိုင်ဖို့ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးနေသူတွေကို ရပ်တန့်ဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (KRW) က တောင်းဆိုလိုက်ပါတယ်။
ဒေသခံလူထုတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ချောင်းတွေ လွတ်လပ်စွာစီးဆင်းနိုင်ဖို့ ဖျက်ဆီးနေသူတွေကို ရပ်တန့်ဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (KRW) က မတ် ၁၄ ရက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြစ်ချောင်းတွေပေါ်မှာ ရေကာတာတွေ ဆောက်ဖို့စီစဉ်လာတာအပြင် သတ္တုတူးဖော်တာတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတဲ့အတွက် မြစ်ရေတွေညစ်ညမ်းပြီး စိုက်ပျိုးမြေတွေ ပျက်စီးလာတာကြောင့် ဒေသခံတွေရဲ့ စီးပွါးရေး၊ ကျန်မာရေးနဲ့ လူမှုဘဝတွေကို ထိခိုက်လာတယ်လို့ ဆိုပါတယ်။
KYO သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တာဝန်ခံ စောဖိုးထူးက “မြစ်ချောင်းတွေဟာ သဘာဝကပေးတဲ့ ကြီးမားတဲ့လက်ဆောင်ဖြစ်ပါတယ်။ ဌာနေလူမျိုးစုတွေရဲ့ အသက်သွေးကြောပါ။ ဒီမြစ်ချောင်းတွေကို ထိခိုက်နစ်နာစေမဲ့ ဘယ်အရာကိုမှ လက်ခံလို့မရပါဘူး။ အားလုံးပူးပေါင်းပြီးတော့ အပြင်းအထန် ကန့်ကွက်ကြဖို့ လိုပါတယ်”လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေးနေ့မှာ ကရင်ပြည်နယ် ဘူးသိုမြို့နယ်၊ သံလွင်မြစ်ကမ်းဘေး တနေရာမှာ မြစ်တွေအပေါ်ဆည်တွေ တည်ဆောက်တာကို ကန့်ကွက်တာနဲ့မြစ်တွေလွတ်လပ်စွာ စီးဆင်းစေဖို့ ဆုတောင်းတဲ့အစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲမှာ ဆည်တွေ အလိုမရှိ ကြွေးကြော်တာ၊ မြစ်တွေ လွတ်လပ်စွာ စီးဆင်းနိုင်ဖို့ ဆုတောင်းတာနဲ့ မိရိုးဖလာဖြစ်တဲ့ ရေနတ်ကို ပူဇော်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်မီးလိုအပ်ချက်နဲ့ ရေကြီးရေလျှံမှုကို ကာကွယ်ဖို့ အကြောင်းပြချက်နဲ့ မြစ်ချောင်းတွေပေါ်မှာ ရေကာတာစီမံကိန်းတွေ တည်ဆောက်ဖို့ စီစဉ်လာတာဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ KRW ဆိုထားပါတယ်။
ပြည်သူတွေရဲ့ ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ် တခုကျော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
သံလွင်မြစ်ပေါ်မှာလည်း ဆည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့နေရာ ၅ နေရာရှိကာ အဲ့ဒီနေရာတွေမှာ တိုက်ပွဲအခြေအနေတွေ မငြိမ်သက်တာကြောင့် အကောင်အထည်ဖော်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။


