Home
ဆောင်းပါး
စစ်ဝါဒဆန့်ကျင်ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ကဗျာစုပေါင်းလှုပ်ရှားမှု ကနဦး အစအနများ
DVB
·
March 16, 2026

မြန်မာစာပေသမိုင်းမှာ ဒီမိုကရေစီရေး စာပေလှုပ်ရှားမှုဟာ လွတ်လပ်ရေးအစကတည်းက မွေးဖွားလာတာပါ။

ထင်ရှားတဲ့ သာဓကတခုကတော့ ဗန်းမော်တင်အောင်ရဲ့ ပြည်တော်သာခင်ခင်ဦးဝတ္ထု၊ ပြီးတော့ နောက်ပိုင်း ရန်ကုန်ဘဆွေရဲ့ ကိုကြီးကောင်း ဝတ္ထု။ ဆရာဗန်းမော်တင်အောင်က ဖဆပလအစိုးရရဲ့ ပြည်တော်သာစီမံကိန်း ဆိုတာကြီးကို လှောင်ပြောင်ရှုတ်ချတဲ့ဝတ္ထုပါ။ ရန်ကုန်ဘဆွေကတော့ အဲဒီအချိန်က နိုင်ငံရေးနယ်ပယ်မှာ ဝန်ကြီးချုပ်ဦးနုကို “ကိုကြီးနု” လို့ ခေါ်ကြတာမို့ ဦးနုကို လှောင်ပြောင်တိုက်ခိုက်တဲ့အနေနဲ့ “ကိုကြီး‌ကောင်း” ဝတ္ထုကို ရေးတာပါ။ နိုင်ငံရေးနဲ့ စာပေနယ်ပယ်မှာ ထင်ရှားပြီး ဂယက်ထခဲ့တဲ့ လှုပ်ရှားမှုတွေပါပဲ။

ဒီနေရာမှာ ဗန်းမော်တင်အောင်ဆိုတာ လွတ်လပ်ရေးခေတ်ဦးမှာ ဗမာပြည်ရဲ့ ဗွေဆော်ဦး နရသိန်စံရတဲ့ စာရေးဆရာပါ။ ဗန်းမော်တင်အောင်နဲ့ ရန်ကုန်ဘဆွေတို့က ပြည်သူဘက်ကရပ်ပြီး အုပ်စိုးသူအဆက်ဆက်ကို ကွယ်လွန်ချိန်အထိ ဆန့်ကျင်သွားကြတာ အားလုံးအသိပါပဲ။ ထားတော့။

ကျနော်အဓိကထား ပြောချင်တာက အဲဒီ လွတ်လပ်ရေးကနဦးကာလ ဆရာဗန်းမော်တင်အောင်တို့ ရန်ကုန်ဘဆွေတို့ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုက တဦးချင်းသဘော ဖြစ်ပါတယ်။ စုပေါင်းပြီး တပ်ပေါင်းစုသဘော မဟုတ်သေးပါဘူး။

(ဒီနေရာမှာ ဝန်ခံရမှာတော့ ရှိပါတယ်။ ဒီအမြင်ဟာ ကျနော်ရဲ့ ပုဂ္ဂလအမြင်ပါပဲ။ ကျနော်မသိတဲ့ လက်လှမ်းမမီတဲ့ ဒီမိုကရေစီရေး စာပေလှုပ်ရှားမှုတွေ ရှိကောင်း ရှိနိုင်ပါသေးတယ်။ သိမီသူများ ဖြည့်စွက်ကြပါ။)

၁၉၇၀ ပြည့်နှစ် ဝန်းကျင်ကျတော့ တဦးချင်းစာပေလှုပ်ရှားမှုကနေ စုပေါင်းလှုပ်ရှားမှုတခု ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ကဗျာနယ်ပယ်မှာပါ။ တပ်ပေါင်းစုသဘော ဆောင်လာတာ တွေ့ရပါတယ်။

တကယ်တော့ မိုးဝေစာပေလှုပ်ရှားမှုက လျှို့ဝှက်သဲဖိုမဂ္ဂဇင်းမှာ သန္ဓေတည်ခဲ့တာပါ။ အထူးသဖြင့် ကဗျာဆရာ မောင်လေးအောင်တို့ မောင်သင်းခိုင်တို့က လျှို့ဝှက်သဲဖိုမှာ နိုင်ငံရေး ဒီမိုကရေစီရေး နောက်ခံ လွတ်လပ်ကာရန်ကဗျာတွေ အားပြုလာကြ ရေးလာခဲ့ကြတာပါ။ စကားပြောဆန်တဲ့ ကဗျာတွေ စရေးခဲ့ကြတာပါ။ အဲဒါကို မိုးဝေမဂ္ဂဇင်းဆီ သယ်လာကြရင်းက လွတ်လပ်ကာရန်၊ စကားပြောဆန်မှုတို့ကို အသိရှိရှိ ရေးကြတော့တာပါပဲ။ အစပိုင်းမှာ မိုးဝေမဂ္ဂဇင်းက စုံထောက်မဂ္ဂဇင်း ဖြစ်ခဲ့ပြီး နောက်တော့မှ စာပေမဂ္ဂဇင်းဆိုပြီး စာပေမဂ္ဂဇင်း အတိအလင်း မဂ္ဂဇင်းနာမည်မှာ စာပေဆိုတာ ထည့်လာတာပါ။ မိုးဝေစာပေမဂ္ဂဇင်းပေါ့။

မိုးဝေစာပေမဂ္ဂဇင်းမှာကျတော့ ကဗျာစာတည်းအဖြစ် မောင်လေးအောင်နဲ့ မောင်သင်းခိုင်က တာဝန်ယူလာကြပါပြီ။ အဲဒီမှာ သူတို့နှစ်ယောက်ရဲ့ ကြိုးပမ်းမှုနဲ့ လွတ်လပ်ကာရန်ကဗျာ၊ စကားပြောဟန်ကဗျာတွေ ထုနဲ့ ထည်နဲ့ ဖြစ်လာတာပါ။ အဲဒီအချိန်မှာပဲ မောင်သာနိုးရဲ့ ထင်းရှူးပင်ရိပ် ကဗျာစာအုပ် ပေါ်လာပြီး မြန်မာကဗျာဖွံ့ဖြိုးမှုက တောက်မဲ့မီးခဲ တရဲရဲအပေါ် ယပ်ခပ်ပေးသလိုဖြစ်ပြီး မြန်မာခေတ်ပေါ်ကဗျာဆိုတာ  ရုပ်လုံးပေါ်လာရတာပါ။

ဒီနေရာမှာ မင်းလတ်ရဲခေါင်ရဲ့ “စကားပြောသလိုရေးရမည်” ဆိုတဲ့ စာတမ်းအပေါ် လက်ခံ လက်ဆင့်ကမ်းကြရင်းက (မန်းအုပ်စု) မြန်မာခေတ်ပေါ်ကဗျာဟာ စကားပြောရစ်သမ် ပေါင်းထည့်ပြီး ခေတ်ပေါ်ကဗျာ လူလားမြောက်လာတာပါ။ ထားတော့။ ဒါကလည်း သည့်ထက် တတ်တဲ့ သိတဲ့ စာပေပညာရှင်တွေ လိုအပ်သလို ဖြည့်ကြရမှာပါ။ ဒါက ကျနော်တဦးတည်းရဲ့ ပုဂ္ဂလအသိသက်သက်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ထပ်ပြီး ကျနော်အဓိကထားပြီး ပြောချင်တာက မိုးဝေမဂ္ဂဇင်းမှာ အထက်ကပြောခဲ့တဲ့ အချက် ၂ ချက်အပေါ် မူတည်တဲ့ (လွတ်လပ်ကာရန်စနစ်နဲ့ စကားပြောရစ်သမ်) ဒီနှစ်ခုပဲ ရှိပါသေးတယ်။ ကာရန်မဲ့အထိ မရောက်လာနိုင်ခဲ့သေးပါဘူး။ ဒီလိုနဲ့ ခေတ်ပေါ်ကဗျာအစဟာ လွတ်လပ်ကာရန်နဲ့ စကားပြောရစ်သမ်ဆိုတဲ့ ကဗျာအတတ်ပညာအသစ် ကိုင်စွဲကြဖို့ဆိုတဲ့ အတတ်ပညာရေးကိစ္စ ပိုမိုသစ်လွင်ရေးအပြင် အကြောင်းအရာကျတော့ ဒီမိုကရေစီရေး စစ်ဝါဒ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးအကြောင်းအရာတွေအပေါ် အသိရှိရှိရပ်တည်တဲ့ မြန်မာကဗျာတွေ ရေလှိုင်းတွေလို တလှိုင်းပြီးတလှိုင်း ပေါ်လာကြ‌တော့တာပါ။ အင်မတန် အားရှိစရာ ကျေနပ်စရာ ကောင်းလှတဲ့ အချိန်ပါပဲ။

အဲဒီလိုကဗျာမျိုးတွေ ရေးကြတဲ့ ကဗျာဆရာတွေကလည်း လူငယ်ကဗျာဆရာတွေချည်းပါပဲ။ အားလုံးသိကြ ချစ်ကြတဲ့ မောင်ချောနွယ်က “‌ကြွေတာကိုက ပွင့်ခြင်းပဲ” ကဗျာ၊ အောင်ချိမ့်ရဲ့ “သူရဲကောင်းတို့ခြေအစုံက မြေတမှုန်ကျန်ရစ် အောင်ချိမ့်ဖြစ်တယ်” ဆိုတာတွေက အဲဒီ  မြန်မာခေတ်ပေါ်ကဗျာ အသိရှိရှိ ပွက်ပွက်ဆူနေတဲ့အချိန်တုန်းက ရေးခဲ့ကြတာပဲပေါ့။ ဒါလည်း ထားတော့။

အဲသလိုအချိန်မှာ မောင်သင်းခိုင်ဟာ ဗမာတပြည်လုံးမှာရှိတဲ့ လူငယ်ခေတ်ပေါ်ကဗျာဆရာတွေကို တတိုင်းပြည်လုံး ခြေဆန့်ပြီး ဆော်ဩစည်းရုံးတော့တာပါပဲ။ နောက်တော့ မုံရွာအောင်ရှင်လို ကဗျာဆရာတွေနဲ့ ပေါင်းမိပြီး ပြည်သူ့ဒီမိုကရေစီလှုပ်ရှားမှုကို အခြေခံထားတဲ့ ခေတ်ပေါ်ကဗျာ တပ်ပေါင်းစုကြီးတခု ဖြစ်လာအောင် ကြိုးစားတော့တာပါပဲ။

ဒီအချိန်မှာ အဲဒီခေတ်ပေါ် ကဗျာရေးနည်းရေးဟန်ကို ဘယ်မဂ္ဂဇင်းကမှ လက်မခံ မဖော်ပြကြတဲ့အခါ၊ ယုတ်စွအဆုံး ရှုမဝကတောင် အားမပေးတဲ့အခါ စာရေးစရာ ကဗျာရေးစရာနေရာ ပလက်ဖောင်းကို ကိုယ့်ဘာသာကိုယ် ဖောက်ထွက်ပြီး နေရာရှာကြဆိုတဲ့ ကြွေးကြော်သံအောက်မှာ နိုင်ငံအနှံ့ လက်နဲ့ရေး ဖယောင်းပုံနှိပ်ကဗျာစာအုပ်တွေ မိုးဦးကျမှိုတွေလို ပေါ်ပေါက်လာခဲ့ကြ‌တော့တာပါပဲ။

ဒီ ကဗျာသစ် ခေတ်ပေါ်ကဗျာကို ဘယ်မဂ္ဂဇင်းမှ (ဟိုတုန်းက) လက်မခံ ဖော်ပြမပေးတဲ့အပြင် အဓိကအားဖြင့် အာဏာရယူထားတဲ့ စစ်ဝါဒီအစိုးရကလည်း သူတို့ရဲ့ တည်ဆဲဥပဒေပေါင်းစုံနဲ့ ဖိနှိပ် ကန့်သတ်ချုပ်ထားတဲ့အချိန် ဖြစ်တာမို့ ပလက်ဖောင်းပျောက်နေတဲ့ ကဗျာဆရာလူငယ်တွေဟာ ပလက်ဖောင်းအသစ်ရှာတဲ့သဘော၊ အာဏာရအစိုးရရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖျက်ပြီး လက်ရေး ဖယောင်းပုံနှိပ်ကဗျာစာအုပ်တွေ အသိရှိရှိ အားကြိုးမာန်တက် ထုတ်ခဲ့ကြတာပါ။ မြေအောက်စာပေလှုပ်ရှားမှု ဆိုရင်လည်း မမှားပါဘူး။ တနည်းအားဖြင့် အဲဒီ လက်ရေးဖယောင်းပုံနှိပ် ကဗျာစာအုပ်တွေဟာ ခေါင်းနဲ့ရင်းပြီး ထုတ်ခဲ့ကြတဲ့သဘောပါ။ အင်မတန်ထိရောက်ပြီး လူငယ်ကဗျာဆရာတွေ တန်ဖိုးထားခဲ့ကြတဲ့ သမိုင်းလှေကားထစ်တွေ အဖြစ် တင်စားလို့ရမယ် ထင်ပါတယ်။

ဒီနေရာမှာ သတိထားမိတဲ့ အချက်တချက် ရှိပါတယ်။ လက်ရေးနဲ့ ဖယောင်းပုံနှိပ်ကဗျာစာအုပ်တွေ ထုတ်ဝေဖို့ တိုင်ပင်ကြစဉ်က ဆရာဒဂုန်တာရာ သတိပေးခဲ့တဲ့စကားကို တကယ်လက်ခံ သဘောတူပြီး တကယ့်ကို သိုသိုသိပ်သိပ် စနစ်တကျ ထုတ်ဝေကြ ဖြန့်ဝေကြ လုပ်နိုင်ခဲ့ကြလို့ အဲဒီ ကဗျာစာအုပ်ထုတ်ဝေရေး အလုပ်ဟာ အချိန်တိုအတွင်း လူငယ်ကဗျာဆရာတွေကြား ထိရောက်ပြီး ခရီးရောက်နိုင်ခဲ့ကြပါတယ်။ ဆရာဒဂုန်တာရာက အဲဒီတုန်းက ပြောခဲ့ တိုက်တွန်းခဲ့တဲ့ စကားကတော့ “တရုတ်ပြည်တော်လှန်ရေးကာလအတွင်းက လူငယ်တချို့က ကဗျာစာအုပ်တွေ အခုလိုပဲ ထုတ်ဝေဖြန့်ချိဖို့ ကြိုးစားခဲ့ဖူးကြောင်း အဲဒါ ချိန်ကေရှိတ်အစိုးရက သတင်းရပြီး လူငယ်တချို့ဟာ ချန်ကေရှိတ်အစိုးရ လျှို့ဝှက်ပုလိပ်တွေရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ကြဖူးလို့ အခုလည်း လူငယ်တွေအနေနဲ့ အထူးသိုသိပ်ပြီး သတိထားကြဖို့ ” ပြောခဲ့တဲ့စကားပါ။

အဲဒီ မြန်မာခေတ်ပေါ်ကဗျာ အားကောင်းမောင်းသန်အစ လက်ရေးပုံနှိပ်ကဗျာစာအုပ်တွေထဲမှာ ကျနော်မှတ်မိနေသေးတဲ့ ကဗျာစာအုပ်တွေကတော့…

“‌နွေဦးသစ်မှာ‌ပေါ်တဲ့ ပွင့်သစ်” 

“ မိုရိပ်လေရိပ်”

“မတ်လအရိပ်”

“‌တောင်ညိုခင်တန်း”

“ဒီရေ”

“ဆီးပွင့်”

အစရှိတဲ့ ကဗျာစာအုပ်တွေပဲ ဖြစ်ပါတယ်။

မတ်လအရိပ် ကဗျာစာအုပ်မျက်နှာဖုံးပုံကို ပြည်တွင်းက ကဗျာဆရာတယောက်ဆီက ရရှိခဲ့ပါတယ်။ ကဗျာဆရာ မုံရွာအောင်ရှင်က သံကညစ်နဲ့ ကဗျာအားလုံးရေးပြီး ပန်းချီဆရာဝသုန်က မျက်နှာဖုံးပုံ ဆွဲပေးခဲ့ပါတယ်။

ငြိမ်းဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013