
၂၀၁၈ ခုကနေ ၂၀၂၀ အထိ တင်သွင်းခဲ့ပြီး မှတ်ပုံမတင်ဘဲ အသုံးပြုတဲ့ကားတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က သတိပေးထုတ်ပြန်ထားပါတယ်။
တင်သွင်းခွင့်လိုင်စင် ၂၀၁၈ မှာ ထုတ်ပေးခဲ့တဲ့ကားတွေက အခုနှစ် ဧပြီ ၃၀ ရက်၊ ၂၀၁၉ က ကားတွေက မေ ၃၁ ရက်နဲ့ ၂၀၂၀ က ကားတွေက ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး ကနဦး မှတ်ပုံတင်တဲ့လုပ်ငန်းစဥ် ပြီးပြတ်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။
အဲဒီသတ်မှတ်ကာလကျော်ရင် ကနဦး မှတ်ပုံတင်တဲ့လုပ်ငန်းစဥ် ဆောင်ရွက်ပေးတော့မှာ မဟုတ်သလို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်ဆိုပြီး သတိပေးထားပါတယ်။
အခုလို ကညနရဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်တွင်းကားစျေးကွက်အပေါ် ရိုက်ခတ်မှု အနည်းကျဥ်းဖြစ်ခဲ့ပြီး လိုင်စင်မဲ့ကားတွေ ခိုင်မာမှုရသွားနိုင်တဲ့ အနေအထားမျိုး တွေ့လာရတယ်လို့ ကားဝယ်/ရောင်းအကျိုးဆောင်တယောက်က ပြောပါတယ်။
“မော်ဒယ်တူ ဝစ်သောက်ကားတွေပါရောပြီး လိုင်စင်ဝင်လို့ ရသွားမှာလားဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေတော့ ထုတ်ပြန်ချက်ထွက်ပြီးနောက်ပိုင်း ကားအရောင်းအဝယ်က နည်းနည်းတန့်သွားတာမျိုးတော့ရှိတယ်၊”
Photo: DVB


