Home
မြန်မာသတင်း
ယစ်မျိုးဥပဒေ ပြဋ္ဌာန်းပြီးနောက် အရက်၊ ဘီယာအချို့ ကံစမ်းမဲပေးမှု ရပ်နား
DVB
·
March 12, 2026
Photo: DVB

စစ်ကောင်စီက ယစ်မျိုးဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်မှာ စျေးကွက်အတွင်း ကံစမ်းမဲ ထည့်သွင်း ရောင်းချနေတဲ့ အရက်၊ ဘီယာ အမျိုးအစားအချို့ ကံစမ်းမဲပေးတဲ့ အစီအစဥ်ကို ပယ်ဖျက်လိုက်တယ်လို့ အေးဂျင့်အရောင်းဆိုင်တွေဆီက သိရပါတယ်။

အရက်၊ ဘီယာ ကံစမ်းမဲပေးပြီးရောင်းရင် အရေးယူနိုင်တဲ့ ယစ်မျိုးဥပဒေကြောင့် စျေးကွက်အတွင်း ဖြန့်ဝေရောင်းချနေတဲ့ ထုတ်ကုန်တချို့ မဲမထုတ်ပေးတော့ဘဲ မူလ အရောင်းမြှင့်တင်တဲ့ အစီအစဥ် ရပ်နားသွားကြတာလို့ ဆိုပါတယ်။

သုဝဏ္ဏမြို့သစ်မှ အေးဂျင့်အရောင်းဆိုင်ဖွင့်ထားသူတယောက်က “ကံစမ်းမဲတွေရပ်လိုက်ပြီ။ ဝယ်တဲ့သူတွေကို မဲမလဲပေးတော့နဲ့ဆိုပြီး ကုမ္ပဏီတွေက လှမ်းအကြောင်းကြားတာ။ ထုတ်ပေး၊ လဲပေးထားတဲ့ မဲတွေကိုတော့ ကုမ္ပဏီက ပြန်ကောက်ပေးမယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။

လက်ရှိ စျေးကွက်အတွင်းမှာ ယစ်မျိုးဥပဒေအသစ် မပြဋ္ဌာန်းခင်ကတည်းက အရက်၊ ဘီယာ အမှတ်တံဆိပ်တချို့က ကံစမ်းမဲထည့်သွင်းကာ အရောင်းမြှင့်တင်တာတွေ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလို ကံစမ်းမဲထည့်ပြီး အရောင်းမြှင့်တင်နေတဲ့အထဲမှာ စစ်တပ်ကထုတ်တဲ့ Dagon Super၊ Andaman gold၊ keen၊ Myanmar ဘီယာတွေလည်း ပါဝင်နေတာလို့ အေးဂျင့်ဆိုင်တွေဆီက သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ အေးဂျင်ဆိုင်ဖွင့်ထားသူတယောက်က “​ပြီးခဲ့တဲ့ ၂ ရက်က ကံစမ်းမဲပေးထားတာတွေ ရပ်လိုက်တာ။ ဒီနေ့ Myanmar (ဘီယာ) က မဲဆက်ပေးမယ်လို့ ဖုန်းဆက်အကြောင်းကြားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အရက် ဒါမှမဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းတွေကို ပရိုမိုးရှင်းနဲ့ ကံစမ်းမဲပေးပြီး ရောင်းချတဲ့အ​ပေါ် တားမြစ်ထားတဲ့ ယစ်မျိုးဥပဒေကို မတ် ၇ ရက်မှာ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

စစ်​ကောင်စီ​ပြဋ္ဌာန်းတဲ့ ယစ်မျိုးဥပဒေပုဒ်မ ၆၉ မှာ ဘယ်သူမဆို အရက် ဒါမှမဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို အရောင်းမြှင့်တင်ဖို့အတွက် ပုံမှန်ဈေးနှုန်းအောက် လျှော့ရောင်းတာ၊ နမူနာပေးကမ်းတာ၊ ကံစမ်းမဲအစီအစဉ်ပြုလုပ်တာ ဒါမှမဟုတ် ဝယ်ယူမှုအပေါ် အပိုဆောင်း လက်ဆောင်ပေးကမ်း ရောင်းချတာ မပြုလုပ်ဖို့ ​ဖော်​ပြထားပါတယ်။

ဒါ့အပြင် အွန်လိုင်းစနစ်နဲ့ ရောင်းချတာ၊ ကြော်ငြာဆိုင်းဘုတ် စိုက်ထူပြီး ကြော်ငြာတာ၊ ကြော်ငြာချိတ်ဆွဲတာ၊ ကြော်ငြာကပ်တာ၊ ကြော်ငြာလက်ကမ်းစာရွက်ဝေငှတာ ​​တွေကိုလည်း တားမြစ်တဲ့ ပြဋ္ဌာန်းချက် ထည့်သွင်းထားပါတယ်။

အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ၆ လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဒ်မ ၇၂ မှာ ရောင်းချခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရှိသူ ဘယ်သူမှ အရက်ရောင်းချတဲ့နေရာမှာ အမျိုးသမီးကို ခိုင်းစေတာ၊ ခိုင်းစေခွင့်ပြုတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံမှာ သင်္ကြန်ကာလနဲ့ ထုတ်ကုန်တွေ ရောင်းအားကျချိန်တွေမှာ အရက်၊ ဘီယာတွေကို ကံစမ်းမဲထည့်​ပြီး အရောင်းမြှင့်တင်လေ့ရှိတာ ဖြစ်ပါတယ်။

စစ်တပ်ကထုတ်တဲ့ အရက်၊ ဘီယာတွေမှာ သပိတ်မှောက်ခံထားရလို့ ရောင်းအားကျဆင်းခဲ့တဲ့ အတွက် မကြာခဏ ကံစမ်းမဲထည့်​ပြီး ဆွဲ​ဆောင်​နေရသလို တင်မရောင်းတဲ့ ဆိုင်တွေကို စစ်ဆေးအရေးယူတာတွေ ရှိတယ်လို့ အေးဂျင့်ဆိုင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013