
နော်ဝေးကလပ် ဘိုဒိုဂလင့်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းကို ၃ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ယူပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲ ရယူ နိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၂ မိနစ်မှာ ဖက်တ်ရဲ့ ပင်နယ်တီသွင်းဂိုး၊ ပထမပိုင်းပြီးခါနီးမှာ ဘလွမ်းဘာ့ဂ်ရဲ့ သွင်းဂိုးတို့နဲ့ အတူ ပထမပိုင်းမှာတင် ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တာပါ။
ဒုတိယပိုင်း ၇၁ မိနစ်မှာတော့ ကက်စပါဟော့ဂ်က တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့လို့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဘိုဒိုဂလင့်ဟာ အစောပိုင်းပွဲစဉ်တွေမှာ မန်စီးတီး၊ အက်သလက်တီကိုနဲ့ အင်တာမီလန်တို့ကို အနိုင်ယူ ခဲ့ပြီးနောက် အခုတကြိမ်မှာလည်း စပို့တင်းကို ကျော်ဖြတ်ဖို့ အခြေအနေက ကောင်းသွားခဲ့တာပါ။
လာမဲ့အပတ် လစ္စဘွန်းမှာကစားမဲ့ ဒုတိယအကျော့မှာသာ ရလဒ်ကောင်းအောင် ထိန်းထားနိုင်ရင် ဘိုဒိုဂလင့်ဟာ အာဆင်နယ် ဒါမှမဟုတ် လေဗာကူဆင်နဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Photo: Reuters


