အမေရိကန်နဲ့ အစ္စရေးတို့က မတ် ၁၀ ရက်မှာ အီရန်အပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုအခြေစိုက် ဗန်တာ နိုင်ငံတကာကော်ပိုရေးရှင်းကနေ ရိုက်ကူးထားတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ပုံတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ အမြောက်အမြားကို ခံစားခဲ့ရအပြီး အီရန်နိုင်ငံတဝန်းက ဒုံးကျည်နဲ့ လေယာဉ်ဆိုင်ရာ အဆောက်အအုံ အများအပြား သိသိသာသာ ပျက်စီးနေတာကို တွေ့ရပါတယ်။
တိုက်ခိုက်မှု မတိုင်မီ ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ရင် ခိုဂူနဲ့ ခါမန်ဒေသတွေက အဆောက်အအုံတွေနဲ့ အခြေခံအဆောက်အအုံတွေ သိသိသာသာ ပျက်စီးနေတာပါ။ အစ်ဖာဟန် လေတပ်စခန်းမှာလည်း F-14 နဲ့ F-7 လေယာဉ်တွေ ပျက်စီးနေတာ မြင်ရပါတယ်။
အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု လက်ဘနွန်အဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား စစ်ပွဲကလည်း ၁၂ ရက်မြောက်နေ့ကို ရောက်လာတာနဲ့အမျှ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေမှာ ပေါက်ကွဲ နေတာတွေကို မြင်တွေ့ရပါတယ်။
စစ်ရေးပဋိပက္ခ ပိုမြင့်လာလို့ ပြီးခဲ့တဲ့အပတ်အတွင်း လက်ဘနွန်နိုင်ငံက လူ ၇ သိန်းနီးပါး သူတို့ အိမ်တွေကနေ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအေဂျင်စီတခုက မတ် ၉ ရက်မှာ ပြောခဲ့ပါတယ်။
အီရန် အထွတ်အထိပ်ခေါင်းဆောင် သတ်ဖြတ်ခံရမှုအတွက် လက်စားချေဖို့ ဟစ်ဇ်ဘိုလာက အစ္စရေးကို ပစ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း အစ္စရေးရဲ့ထိုးစစ် စတင်ခဲ့ပြီး လက်ဘနွန်မှာ လူ ၅၀၀ လောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အစ္စရေးစစ်တပ်က မကြာသေးမီရက်တွေအတွင်း မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွေ၊ လက်ဘနွန်တောင်ပိုင်း အစိတ်အပိုင်းတခုနဲ့ အရှေ့ပိုင်းဘက်ခါးချိုင့်ဝှမ်းဒေသ အစိတ်အပိုင်းတွေက လူတွေကို ဒေသထဲကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့ပါတယ်။
အဲဒီဒေသတွေ အားလုံးဟာ ရှီးအိုက်မွတ်စလင် ဟစ်ဇ်ဘိုလာရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အခိုင်အမာနယ်မြေတွေလည်း ဖြစ်ပါတယ်။
Source: Reuters












