
အမေရိကန်နဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကွယ်လွန်သွားခဲ့တဲ့ အီရန် အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ သားဖြစ်သူ မို့ဂျ်တာဘာ ခါမေနီဟာ အရိုက်အရာ ဆက်ခံသူအဖြစ် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။
အသက် ၅၆ နှစ်အရွယ် မို့ဂျ်တာဘာဟာ အများအားဖြင့် သိုသိုသိပ်သိပ် နေထိုင်လေ့ရှိသူပါ။ အစိုးရရာထူး တခုမှ မယူခဲ့ဘူးသလို လူထုရှေ့ထွက်ပြီး မိန့်ခွန်းပြောတာမျိုး၊ အင်တာဗျူး ဖြေဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။ သူ့ရဲ့ ဓာတ်ပုံနဲ့ ဗီဒီယို ဆိုလို့လည်း အနည်းအကျဉ်းလောက်ပဲ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ အီရန်နိုင်ငံရဲ့ နောက်ကွယ်မှာတော့ သူဟာ ဩဇာလွှမ်းမိုးမှု အတော်လေး ကြီးမားတယ်ဆိုတဲ့ ကောလာဟလတွေ နှစ်နဲ့ချီပြီး ထွက်ပေါ်နေခဲ့ပါတယ်။
ဝီကီလိခ်စ်ကနေ ဖော်ထုတ်ခဲ့တဲ့ အမေရိကန် သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းတွေမှာဆိုရင် သူ့ကို “ဝတ်ရုံတွေနောက်ကွယ်က အာဏာရှင်” အဖြစ် ပုံဖော်ထားပါတယ်။ အာဏာရပ်ဝန်းထဲမှာ “စွမ်းဆောင်ရည်ရှိပြီး ဩဇာတိက္ကမကြီးမားသူ” တယောက်အဖြစ် အများက ရှုမြင်ထားကြပါတယ်။
သူ့ကို ရွေးချယ်လိုက်တဲ့အပေါ် အငြင်းပွားစရာတွေတော့ ရှိနေနိုင်ပါတယ်။ အစ္စလာမ္မစ် သမ္မတနိုင်ငံကို ၁၉၇၉ ခုနှစ်မှာ ဘုရင်စနစ်ကိုဖြုတ်ချပြီး တည်ထောင်ခဲ့တာပါ။ အဓိပတိခေါင်းဆောင်ဆိုတာ မျိုးရိုးစဉ်ဆက် ဆက်ခံတာမျိုးမဟုတ်ဘဲ ဘာသာရေးဆိုင်ရာ ရပ်တည်ချက်နဲ့ သက်သေပြနိုင်တဲ့ ခေါင်းဆောင်မှု အရည်အသွေးအပေါ် အခြေခံပြီး ရွေးချယ်ရမယ် ဆိုတဲ့ မူဝါဒ ရှိခဲ့ပါတယ်။
အလီခါမေနီ အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်မှုနဲ့ ပတ်သက်ရင် ယေဘုယျသဘောမျိုးလောက်ပဲ ပြောဆိုလေ့ရှိခဲ့ပါတယ်။
အလီခါမေနီဟာ အနာဂတ်ခေါင်းဆောင်နေရာ သူ့သားကို လျာထားမဲ့ အကြံအစည်ကို ဆန့်ကျင်ခဲ့တယ်လို့ အဓိပတိခေါင်းဆောင်ကို ရွေးချယ်ပေးရတဲ့ Assembly of Experts အဖွဲ့ဝင်တယောက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပြောဖူးတာရှိပါတယ်။
ဒါပေမဲ့ ဒီလိုထင်ကြေးပေးမှုတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား တရားဝင် ပြောဆိုခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။
မို့ဂျ်တာဘာ ခါမေနီဟာ နောက်ထပ်ခေါင်းဆောင်ဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော် လောက်ကတည်းက ရေပန်းစားနေခဲ့တာပါ။
၁၉၆၉ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှာ အရှေ့မြောက်ပိုင်း မက်ရှ်ဟတ်မြို့မှာ မွေးဖွားခဲ့တဲ့ မို့ဂျ်တာဘာဟာ ခါမေနီရဲ့ သားသမီး ၆ ယောက်ထဲမှာ ဒုတိယမြောက်သား ဖြစ်ပါတယ်။ သူဟာ တီဟီရန်မြို့က ဘာသာရေးကျောင်းတခုဖြစ်တဲ့ အလာဗီကျောင်းမှာ အလယ်တန်းနဲ့ အထက်တန်းပညာ သင်ကြားခဲ့ပါတယ်။
အီရန်မီဒီယာတွေရဲ့ အဆိုအရ အီရန်-အီရတ် စစ်ပွဲကာလမှာ အသက် ၁၇ နှစ်အရွယ် မို့ဂျ်တာဘာဟာ စစ်တပ်ထဲမှာ ကာလတို တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ မို့ဂျ်တာဘာဟာ ဘာသာရေးပညာတွေ ဆက်လက်ဆည်းပူးဖို့အတွက် ရှီးယိုက် ဘာသာရေး ဗဟိုချက်လို့ လက်ခံထားကြတဲ့ ကွမ်မြို့ကို သွားရောက်ခဲ့ပါတယ်။အဲဒီအချိန်အထိ သူဟာ ဘာသာရေးခေါင်းဆောင်တွေဝတ်တဲ့ ဝတ်ရုံကို မဝတ်ဆင်ခဲ့သေးပါဘူး။ ပုံမှန်အားဖြင့် လူငယ်အရွယ်တွေမှာသာ ဘာသာရေးကျောင်း တက်လေ့ရှိကြပေမဲ့ သူက ဘာကြောင့် အသက် ၃၀ အရွယ်မှ ဘာသာရေးကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ ဆိုတာကတော့ မရှင်းလင်းလှပါဘူး။
မို့ဂျ်တာဘာဟာ အလယ်အလတ်အဆင့် ဘာသာရေးခေါင်းဆောင်တယောက် အဖြစ်သာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ အီရန်တာဝန်ရှိသူတွေနဲ့ မီဒီယာတွေဟာ မို့ဂျ်တာဘာ ခါမေနီကို “အယာတိုလာ” ဆိုတဲ့ အဆင့်မြင့် ဘာသာရေးဘွဲ့အမည်နဲ့ စတင်ခေါ်ဝေါ်လာကြပါတယ်။
ဘာသာရေးကျောင်းစနစ်မှာ “အယာတိုလာ” ဘွဲ့ ရရှိထားတာနဲ့ အဆင့်မြင့်အတန်းတွေကို သင်ကြားပို့ချနိုင်တာဟာ ပုဂ္ဂိုလ်တယောက်ရဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အသိပညာ အဆင့်အတန်းရဲ့ ပြယုဂ်တွေအဖြစ် သတ်မှတ်ထားကြပါတယ်။
ဒီဘွဲ့ထူးဂုဏ်ထူး ရှိဖို့ဆိုတာ အနာဂတ်ခေါင်းဆောင် ရွေးချယ်ရာမှာ လိုအပ်တဲ့ အခြေခံသတ်မှတ်ချက်အဖြစ်လည်း ယူဆထားကြပါတယ်။
ဒါပေမဲ့ အရင်ကလည်း ဒီလိုသာဓကမျိုး ရှိခဲ့ဖူးပါတယ်။ အလီ ခါမေနီဟာ ၁၉၈၉ ခုနှစ် ဒုတိယမြောက် အဓိပတိခေါင်းဆောင် ဖြစ်လာပြီးနောက်မှ “အယာတိုလာ” ဘွဲ့ကို မြန်မြန်ဆန်ဆန် ရရှိခဲ့တာ တွေ့ရပါတယ်။
နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်များ
လူကြိုက်များတဲ့ သဘောထားတင်းမာသူ မာမွတ် အမာဒီနီဂျက် အနိုင်ရရှိခဲ့တဲ့ ၂၀၀၅ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်းမှာ မို့ဂျ်တာဘာရဲ့ နာမည် စတင်လူသိများလာတာ ဖြစ်ပါတယ်။
ခါမေနီထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာတစောင်မှာ ပြုပြင်ပြောင်းလဲရေးဝါဒီ ကိုယ်စားလှယ်လောင်း မာဒီ ကာရူဘီက မို့ဂျ်တာဘာကို စွပ်စွဲခဲ့တာ ရှိပါတယ်။ အဲဒါကတော့ အမာဒီနီဂျက် အနိုင်ရစေဖို့အတွက် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နဲ့ ဘာဆစ်ဂျ် (Basij) ပြည်သူ့စစ်အဖွဲ့တွေကို အသုံးပြုပြီး ဘာသာရေးအုပ်စုတွေကို ငွေကြေးဝေငှကာ မဲဆန္ဒပေးမှုမှာ ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။
၄ နှစ်ကြာပြီးနောက်မှာလည်း မို့ဂျ်တာဘာဟာ အလားတူ စွပ်စွဲချက်ကို ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ အမာဒီနီဂျက် ပြန်လည်ရွေးကောက်ခံရတဲ့အတွက် နိုင်ငံတဝန်းမှာ အစိမ်းရောင်လှုပ်ရှားမှု (Green Movement) လို့ လူသိများတဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆန္ဒပြသူတချို့က ဖခင်ဖြစ်သူရဲ့ နေရာဖြစ်တဲ့ အီရန် အဓိပတိခေါင်းဆောင်နေရာကို မို့ဂျ်တာဘာ ဆက်ခံမှာကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြဖူးပါတယ်။
အဲဒီအချိန်က ပြည်ထဲရေးဒုတိယဝန်ကြီးဖြစ်သူ မိုစတာဖာ တာ့ဂျ်ဇာဒေးက ဒီရွေးကောက်ပွဲရလဒ်ဟာ “ရွေးကောက်ပွဲကနေတဆင့် အာဏာသိမ်းတာ” ပဲလို့ ဝေဖန်ခဲ့ပါတယ်။ တာ့ဂျ်ဇာဒေးဟာ ထောင် ၇ နှစ် ကျခံခဲ့ရပြီး ဒါဟာ “မို့ဂျ်တာဘာ ခါမေနီရဲ့ တိုက်ရိုက်ဆန္ဒ” ကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေး ကိုယ်စားလှယ်လောင်း ၂ ယောက်ဖြစ်တဲ့ မီယာဟူစိန်မူဆာဗီနဲ့ မာဒီကာရူဘီ တို့ဟာ ၂၀၀၉ ရွေးကောက်ပွဲအပြီးမှာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ မို့ဂျ်တာဘာက မူဆာဗီနဲ့ တွေ့ဆုံခဲ့ပြီး ဆန္ဒပြမှုတွေကို စွန့်လွှတ်ဖို့ တိုက်တွန်းခဲ့တယ်လို့ အီရန် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အခုအခါမှာတော့ အီရန်နိုင်ငံရဲ့ အသစ်ရွေးချယ်ခံရတဲ့ အဓိပတိခေါင်းဆောင်အနေနဲ့ မို့ဂျ်တာဘာဟာ ဖခင်ဖြစ်သူရဲ့ တင်းမာတဲ့ မူဝါဒတွေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ အများစုက မျှော်လင့်ထားကြပါတယ်။
အမေရိကန်နဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာ မိခင်၊ ဖခင်နဲ့ ဇနီးဖြစ်သူတို့ကို ဆုံးရှုံးခဲ့ရတဲ့ လူတယောက်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားကို အလွယ်တကူ အရှုံးပေး ဦးညွှတ်လိမ့်မယ် မဟုတ်ဘူးလို့လည်း တချို့က ယုံကြည်ထားကြပါတယ်။
ဒါပေမဲ့ အစ္စလာမ္မစ် သမ္မတနိုင်ငံ ဆက်လက်ရပ်တည်နိုင်ရေး သေချာစေဖို့နဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပျက်စီးနေမှုတွေထဲကနေ နိုင်ငံကို ဦးဆောင်ကယ်တင်ပေးနိုင်မဲ့သူ ဖြစ်တယ်ဆိုတာကို ယုံကြည်လာအောင် သက်သေပြရဖို့ ရှိနေပါတယ်။
သူ့ရဲ့ ခေါင်းဆောင်မှုမှတ်တမ်း ဆိုတာကလည်း အများအားဖြင့် စမ်းသပ်ခံရခြင်း မရှိသေးသလို သမ္မတနိုင်ငံစနစ်ကနေ မျိုးရိုးစဉ်ဆက် အုပ်ချုပ်တဲ့စနစ်ကို ပြောင်းလဲသွားပြီဆိုတဲ့ အမြင်တွေလည်း အားကောင်းလာနိုင်ပါတယ်။
မို့ဂျ်တာဘာဟာ အခုဆိုရင် ပစ်မှတ်ထားခံရသူတယောက်လည်း ဖြစ်နေပါတယ်။ အယာတိုလာ အလီ ခါမေနီရဲ့ နေရာကို ဆက်ခံမဲ့သူ ဘယ်သူပဲဖြစ်ဖြစ် “မဖြစ်မနေ သုတ်သင်ရှင်းလင်းရမဲ့ ပစ်မှတ်” ဖြစ်လာလိမ့်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မို့ဂျ်တာဘာဟာ “လက်ခံနိုင်စရာမရှိတဲ့” ရွေးချယ်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး သူ့သဘောတူညီချက် မရဘူးဆိုရင် “သိပ်ကြာကြာခံမှာ မဟုတ်ဘူး” လို့ ခြိမ်းခြောက်ထားပါတယ်။
Source: Reuters


