
၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမှာ အရပ်သားတွေကို ပစ်ခတ်ဖြိုခွင်း အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် (ငြိမ်း) ဟာ မတ် ၅ ရက်က ကွယ်လွန်သွားပြီလို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ခင် (အသက် ၉၈ နှစ်) ဟာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်က သူ့ရဲ့နေအိမ်မှာပဲ မနေ့ညနေမှာ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ လုပ်အလောင်းကို မတ် ၇ ရက်မှာ တပ်မတော်စစ်ဆေးရုံ ခုတင် ၁၀၀၀ မင်္ဂလာဒုံ ငြိမ်းအေးဇရပ်မှ မင်္ဂလာဒုံစစ်သင်္ချိုင်းကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်ဟာ ၁၉၈၈ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးကို ရယူခဲ့တာဖြစ်ပြီး စစ်အစိုးရရဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက “၈၈ ကာလတုန်းက ဆန္ဒပြမှုတွေကို အဓိကဖြိုခွင်းတာက ကြည်းတပ်ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ဆိုတာက စစ်အုပ်စုရဲ့ ထောက်တိုင်တွေ ဖြစ်တာကိုး။ စစ်အုပ်စုရဲ့ ယန္တရားမှာ ပါဝင် မောင်းနှင်သူတွေဖြစ်တော့ စစ်အုပ်စုကျူးလွန်တဲ့ ပြစ်မှုတွေမှာ ကိုယ်တိုင်ကျူးလွန်တယ် ဆိုတာထက် ယန္တရားကို ဖော်ဆောင်ပေးတာဖြစ်လို့ သူတို့မှာလည်း တာဝန်ရှိတာပေါ့။ စစ်အုပ်စု ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေရဲ့ ပူးတွဲတရားခံတွေဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းရာမှာ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်လည်း အဖွဲ့ဝင်တယောက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။


