Home
အထွေထွေ
တိုက်ပွဲတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ နာရေးအတွက် တပ်တွင်း အတိုးဖြင့် ငွေချေးနေရ 
DVB
·
May 23, 2025

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့တန်းတိုက်ပွဲမှာ သေဆုံးတဲ့အခါ ဂုဏ်ယူသင့်ကြောင်း တပ်ရင်းမှူး တပ်မမှူးတွေရဲ့ အမျိုးသမီးတွေက မိသားစုဝင်တွေကို ပြောဆိုနေတာကြောင့် မိသားစုဝင်တွေက ဒေါသထွက်နေကြသလို နာရေးအတွက်ကုန်ကျစရိတ်ကို တပ်ရင်းမှူး တပ်မမှူးကတော်တွေကပဲ အတိုးနဲ့ငွေချေးပေးနေကြောင်း တပ်မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်၊

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရှေ့တန်းတိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ရဲ့ နာရေးကို လာရောက်တဲ့ တပ်ရင်းမှူးကတော်နဲ့ တပ်မမှူးကတော်တို့က တိုက်ပွဲမှာ စစ်တိုက်ရင်း သေဆုံးရတာက မြင့်မြတ်ကြောင်း ပြောဆိုသွားတယ်လို့ဆိုပါတယ်။

သေဆုံးသူစစ်သားမိသားစုဝင်ရဲ့ ဆွေမျိုးနီးစပ်သူတယောက်က “နာရေးလုပ်တော့ တပ်မမှူးကတော်တွေ တပ်ရင်းမှူးကတော်တွေက လာတယ်လေ၊ လာပြီးတော့ အခုလို အောက်ခြေစစ်သားတွေ ဗိုလ်တွေက တိုက်ပွဲမှာ ကျတာက မြင့်မြတ်တယ်ဆိုပြီး ဂုဏ်ယူခိုင်းတယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း သွေးကွဲမယ့် စကားတွေလည်း လာပြောတယ်” လို့ ဒေါသတကြီးနဲ့ပြောပါတယ်။

အကျအဆုံးများနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီအကြီးအကဲတွေက  နာရေးစရိတ်သီးသန့် ကူညီပေးတာမျိုး မရှိကြောင်းလည်း သိရပါတယ်။

တိုက်ပွဲမှာ သေဆုံးရင်  သေဆုံးသူစစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားမိသားစုဝင်တွေက တပ်တွင်းနေအိမ်ကနေ ဖယ်ပေးရတာဖြစ်ပြီး နာရေးစရိတ်မလောက်တဲ့အခါ တပ်တွင်းက ဗိုလ်မှူးကြီး ၊ တပ်ရင်းမှူးနဲ့ တပ်မမှူးဇနီးသည်တွေက အတိုး ၁၀ ကျပ်နှုန်းနဲ့ငွေချေးပေးနေကြောင်း ကိုလည်း တပ်တွင်းနီးစပ်သူတစ်ယောက်က ပြောပြပါတယ်၊

“နာရေးကူညီပေးတဲ့အခါမှာလည်း အချင်းချင်း တပ်တွင်းက ရင်းနှီးမှုအရ ကူငွေထည့်တာမျိုး ရှိတယ်။ ဒါပေမဲ့ နာရေးလုပ်တော့ မလုံလောက်တဲ့အခါ ငွေက လိုလာရော၊ အဲဒီအခါက တပ်ရင်းမှူးကတော်တွေ၊ ဗျူဟာမှူးကတော်တွေ၊  ဗိုလ်ကြီးတွေရဲ့ မိန်းမတွေက အဲဒီ ကျဆုံး ရဲဘော်နာရေးအတွက် မိသားစုကို ငွေချေးတာ တစ်ဆယ်တိုးနဲ့။ အဲဒီတော့ သူတို့ gratuity ကြေးရတဲ့အခါ ပြန်ဆပ်ရတယ်။  အဲဒီလိုပြန်ဆပ်ရတော့ ရတဲ့ gratuity  ကြေးကလည်း မရှိတော့ဘူး၊ တပ်တွင်းကနေလည်း ထွက်ပေးရတယ်။”

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်း စစ်ဆင်ရေးတွေ ကြောင့် ၂၀၂၄ ခုနှစ်တနှစ်တာအတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ပေါင်း ၁၄,၀၉၃ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်း ၄ နှစ်တာမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ၂ ခု၊  ဒကစ ဌာနချုပ် ၁ ခု ၊ စကခဌာနချုပ်  ၅ ခု နဲ့ စစ်ဗျူဟာအခြေစိုက်စခန်း ၆ ခုတို့အပါအဝင် စုစုပေါင်း အခြေစိုက်ဌာနချုပ်စခန်း ၁၇၃ ခုကိုဆုံးရှုံးခဲ့ရပြီး တပ်ရင်းအများအပြားလည်း အင်အားချိနဲ့နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013