Home
မြန်မာသတင်း
UK က ကျောင်းသားဗီဇာရပ်ဆိုင်းမှုကြောင့် ကျောင်းသွားတက်မည့် မြန်မာလူငယ်များ ထိခိုက်နစ်နာ
DVB
·
March 6, 2026
Photo :Reuters

ယူကေအစိုးရက မြန်မာအပါအဝင် ၄ နိုင်ငံက ကျောင်းသားတွေကို ပညာရေးဗီဇာ ထုတ်ပေးတာ ရပ်ဆိုင်းလိုက်တာကြောင့် ယူကေမှာ ပညာသင်ဖို့ ကြိုးစားနေတဲ့ မြန်မာကျောင်းသားတွေ ထိခိုက် နစ်နာမှုတွေ ရှိနေပါတယ်။

ယူကေအစိုးရက မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန် စတဲ့ နိုင်ငံ ၄ နိုင်ငံက ကျောင်းသားတွေကို ပညာရေးဗီဇာ ထုတ်ပေးတာ ယာယီရပ်ဆိုင်းမယ်လို့ ယူကေ မြန်မာသံရုံးက မတ် ၄ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ကျောင်းသားဗီဇာနဲ့ ယူကေကို ဝင်ရောက်လာပြီးနောက် နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားတာ များပြားလာတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ လုပ်ဆောင်တာလို့ ယူကေ အစိုးရက ထုတ်ပြန်ပါတယ်။  

UK နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေကို ကူညီပေးနေသူ မစုနိုင်အောင် “လက်ရှိသာ သူတို့က ဗီဇာကို ဘန်းတယ်ဆိုပြီး တကူးတက ပြောလို့ပေါ့နော်။ ကျမ အသိတွေထဲမှာ ဆိုရင် စကော်လားရှစ်နဲ့ ကျောင်းတက်ဖို့ စကော်လားရှစ်လည်း ရပြီးပြီ။ ကျောင်းကလည်း အကုန် ကြိုးစားပေးတယ်။ အဲဒီလို လူတွေတောင် ဗီဇာ မရတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိတယ်။ ဒါက ရုတ်တရက်ကြီး စည်းမျဉ်းစည်းကမ်း ဝုန်းခနဲ ထုတ်လိုက်လို့သာ လူတွေက လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာ။ ဗီဇာတွေက အငြင်းခံနေရတာ ကြာလှပြီ။ တချို့တွေဆို visit visa နဲ့ လာကြတာ ရှိတယ်။ ကျမကတော့ အခု ဒီက Young asylum seeker တွေကို ကူညီတဲ့ အဖွဲ့မှာတောင် မြန်မာ မရှိဘူး။ အဓိကက အာဖဂန်၊ ကာဇက်စတန်၊ ဆီးရီးယားကလူတွေ ကလေးတွေပဲ ရှိတာ။ မြန်မာတော့ သိပ်မရှိဘူး။ Asylum ခံတဲ့ လူအရေအတွက် တိုးတက်လာတယ်ပဲ ပြောတာ။ တကယ်တမ်းက တခြား အာဖဂန်တို့ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာက တကယ့်ရာခိုင်နှုန်း သေးသေးပဲ ရှိတာ” လို့ ပြောပါတယ်။

ယူကေပြည်ထဲရေးရုံးရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အဲဒီ နိုင်ငံ ၄ နိုင်ငံက ကျောင်းသားတွေ ခိုလှုံခွင့် လျှောက်ထားမှုဟာ ၄၇၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက် လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဖဂန်နိုင်ငံသားတွေကို အလုပ်ဗီဇာ ထုတ်ပေးတာကိုပါ ရပ်ဆိုင်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို ဆုံးဖြတ်ချက်ကြောင့် ယူကေမှာ ပညာသင်ကြားဖို့ ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားတွေ အပေါ် ဆုံးရှုံးမှုတွေ အများကြီး ကြုံနေရတယ်လို့ နိုင်ငံတကာ ကျောင်းသားတယောက်ဖြစ်တဲ့ ကိုဘုန်းက ပြောပါတယ်။

“အဓိကက ကျောင်းသွားတက်မဲ့သူတွေပေါ့။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ UK Program တွေ များတယ်။ ဥပမာ- HND, ABE, GCE တို့ အဲဒါတွေက မြန်မာပြည်က သင်ပြီး UK မှာ သွားတက်ကြတာ။ University တက်နေတဲ့ တန်းလန်းတွေ အများကြီး ရှိတယ်။ အဓိကက Bachelor တွေ ပိုပြီး အခက်အခဲ ဖြစ်တယ်။ Master တက်မဲ့သူတွေအတွက်လည်း အခက်အခဲ ဖြစ်တယ်။ Bachelor တက်မဲ့သူတွေက ပိုပြီးတော့ အဓိကက ABE တို့၊ HND တို့ အဲဒီ Level တွေ တက်ပြီး ထွက်ဖို့ စောင့်နေကြတာ။ ဆိုးတာက အခု ကျောင်းလျှောက်တဲ့ ရာသီလည်း ဖြစ်တယ်။ September Intake deadline လည်း ရောက်တော့မယ်။ အခု ကျောင်းလျှောက်ပြီး သွားတော့မယ်ဆိုတော့ တော်တော်လည်း အခက်အခဲဖြစ်တယ်။ အခွင့်အရေးတွေလည်း အများကြီး ဆုံးရှုံးရတော့ တော်တော်လေး စိတ်မကောင်းပါဘူး။”

ယူကေအစိုးရက လူဝင်မှုကြီးကြပ်ရေးကို ပိုမို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုအပ်လာတဲ့ အခြေအနေကြောင့် အခုလို အရေးယူလုပ်ဆောင်တာလို့ ဆိုပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေကြောင့် တခြားနိုင်ငံတွေမှာပါ ထပ်ပြီး သက်ရောက်လာမှာကို ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။

ကျောင်းသားမိဘတယောက်ဖြစ်တဲ့ မအိ က “ကိုယ့်နိုင်ငံသားတွေ လူတွေက တော်လျက်သားနဲ့ မိဘတွေက ထားနိုင်လျက်သားနဲ့ ဒီလို အဆင့်မြင့်ပညာရေးကို တက်ခွင့်မရှိဘူးဆိုတာက တကယ့်ကို စိန်ခေါ်မှုပါပဲ။ လူသားချင်းတူတူ၊ ဉာဏ်ရည်ချင်းတူတူတောင် ဒီလို အဆင့်မြင့်ပညာရေးတခု သင်ကြားခွင့် မရှိတာက ခွဲခြားမှုတခုလို့ ထင်ပါတယ်။ စိန်ခေါ်မှုတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ယူကေပြည်ထဲရေးရုံးရဲ့ အချက်အလက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံတွေက ကျောင်းသားတွေ ခိုလှုံခွင့် လျှောက်ထားမှုဟာ ၄၇၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့တယ်လို့ သိရပါတယ်။    

၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားတွေရဲ့ ခိုလှုံခွင့် လျှောက်ထားမှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပေမဲ့ ကျောင်းဗီဇာနဲ့ လာရောက်သူတွေဟာ စုစုပေါင်း ခိုလှုံခွင့် လျှောက်ထားမှုရဲ့ ၁၃ ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်ပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013