
ယူကေအစိုးရက မြန်မာ အပါအဝင် ၄ နိုင်ငံကို ကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းတော့မယ်လို့ Channel News Asia သတင်းတပုဒ်မှာ မတ် ၃ ရက်က ဖော်ပြပါတယ်။
ဒါဟာ ကျောင်းသားဗီဇာနဲ့ လာရောက်သူတွေကြား ခိုလှုံခွင့်လျှောက်ထားမှု သိသိသာသာ မြင့်တက်လာတာကို ထိန်းချုပ်တဲ့အနေနဲ့ လုပ််ဆောင်သွားမှာဖြစ်ကာ မြန်မာနဲ့အတူ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံတွေ ပါဝင်နေတာပါ။
ပြည်ထဲရေးဝန်ကြီး ရှာဘာနာမာမွတ်ဒ်က “ဗြိတိန်နိုင်ငံဟာ စစ်ဘေးနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာသူတွေကို အမြဲတမ်း ခိုလှုံခွင့်ပေးသွားမှာဖြစ်ပေမဲ့ ကျမတို့ရဲ့ ဗီဇာစနစ်ကိုတော့ အလွဲသုံးစား အလုပ်မခံနိုင်ပါဘူး” လို့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက တရားဝင်ဗီဇာလမ်းကြောင်းတွေကတဆင့် ယူကေကို ဝင်ရောက်လာပြီးနောက် ခိုလှုံခွင့်လျှောက်ထားသူ စုစုပေါင်း ၁၃၅,၀၀၀ နီးပါးရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်အတွင်း အဆိုပါ ၄ နိုင်ငံက ကျောင်းသားတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုနှုန်းက ၄၇၀ ရာခိုင်နှုန်းကျော်အထိ အဆမတန် မြင့်တက်လာခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
လတ်တလောမှာတော့ အာဖဂန်နိုင်ငံသားတွေကို အလုပ်ဗီဇာ ထုတ်ပေးတာကိုပါ ရပ်ဆိုင်းမှာလို့ သိရပါတယ်။
ယူကေနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ နိုင်ငံရေးအရ အရေးပါတဲ့ကိစ္စ ဖြစ်လာပြီး အထူးသဖြင့် လှေငယ်တွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေသာမက ခုလို တရားဝင်ဗီဇာလမ်းကြောင်းကို အသုံးပြုပြီး ခိုလှုံခွင့်တောင်းခံသူတွေကိုပါ လျှော့ချဖို့ အစိုးရအပေါ် ဖိအားတွေရှိနေတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပေမဲ့ ကျောင်းဗီဇာနဲ့ လာရောက်သူတွေဟာ စုစုပေါင်း ခိုလှုံခွင့်လျှောက်ထားမှုရဲ့ ၁၃ ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Source: Channel News Asia


