
ဆိုက်ပရပ်စ်ကျွန်းပေါ်က အက်ခ်ရိုတီရီ ကျွန်းဆွယ်မှာရှိတဲ့ ဗြိတိသျှတော်ဝင်လေတပ်စခန်းကို ဒရုန်းတွေက တိုက်ခိုက်ပြီးတဲ့နောက် မတ် ၄ ရက်မှာ ဂရိစစ်သင်္ဘော ၂ စင်း ဆိုက်ပရပ်စ်ကို ရောက်လာပါတယ်။
ဥရောပမဟာမိတ်တွေဆီက ပိုကျယ်ပြန့်တဲ့ ဒေသတွင်း ကာကွယ်ရေးဆိုင်ရာ စစ်ရေးတုံ့ပြန်မှုလည်း ဖြစ်ပါတယ်။
ကီမွန်နဲ့ ဆာရာလို့ နာမည်ပေးထားတဲ့ စစ်သင်္ဘောတွေကို ဗြိတိသျှလေတပ်စခန်းအနားက ဆိုက်ပရပ်စ် တောင်ပိုင်းမြို့ လီမာဆိုးလ် ဆိပ်ကမ်းမှာ တွေ့ရပါတယ်။
ဆာရာ စစ်သင်္ဘောမှာ ယီမင်ကမ်းလွန်က ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားရာမှာ အရင်က သုံးခဲ့တဲ့ စင်တောရို့စ် ဒရုန်းဆန့်ကျင်ရေး အနှောင့်အယှက်ပေးစနစ် တပ်ဆင်ထားပါတယ်။
ဂရိဟာ F-16 တိုက်လေယာဉ်လေးစင်းကိုလည်း ဆိုက်ပရပ်စ်ကျွန်းဆီ စေလွှတ်ခဲ့ပါတယ်။
ပြင်သစ်က ဒုံးကျည်တိုက်ဖျက်ရေးစနစ်တွေအပြင် လွန်ဂူဒေါ့ချ် စစ်သင်္ဘောတစင်းကို လွှတ်လိုက်ပြီလို့ ဆိုက်ပရပ်စ်အရာရှိတွေက ပြောပါတယ်။
မြေထဲပင်လယ်အရှေ့ပိုင်းက ကာကွယ်ရေးကို အားကောင်းစေဖို့ Type 45 ဖျက်သင်္ဘော HMS ဒရဂွန်နဲ့ မတ်လတ် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ Wildcat ရဟတ်ယာဉ် ၂ စင်းကို ဖြန့်ကြက်မယ်လို့ ဗြိတိန်က ပြောပါတယ်။
Sea Viper ဒုံးကျည်စနစ် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောဟာ ဒရုန်းတွေ အပါအဝင် လေကြောင်းခြိမ်းခြောက်မှုတွေကို ထောက်လှမ်းခြင်း၊ ခြေရာခံခြင်းနဲ့ ဖျက်ဆီးခြင်းတို့နဲ့အတူ ဗြိတိန်ရဲ့စွမ်းရည်ကို မြှင့်တင်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဒေသတွင်းမှာ ဒရုန်းအများအပြားကို ပစ်ချခဲ့ပြီးတဲ့နောက် ခုလို တပ်ဖြန့်ချထားခဲ့တာလို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အက်ခ်ရိုတီရီ အခြေစိုက်စခန်းကို ဗြိတိန်ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
ဆိုက်ပရပ်စ်အစိုးရက အီရန်ကို တိုက်ခိုက်မှုတွေမှာ ဝင်မပါဘူးလို့ ပြောထားပါတယ်။
Source: Reuters


