Home
မြန်မာသတင်း
စစ်တပ်လော်ဘီများကို ဆုချီးမြှင့်မှုကြောင့် ဝါဒဖြန့်သတင်းမှားများ ပိုအားကောင်းနိုင်ဟု သုံးသပ်
DVB
·
March 5, 2026
Photo: DSINFO

စစ်တပ်အတွက် အလုပ်အကျွေးပြု သတင်းဖြန့်ပေးနေတဲ့သူတွေကို လူမှုထူးချွန်တံဆိပ်တွေ ချီးမြှင့်ခဲ့တဲ့အတွက်  ဝါဒဖြန့် သတင်းတု သတင်းမှားတွေ ပိုအားကောင်းလာပြီး ပြည်သူတွေအတွက် အန္တရာယ်များလာနိုင်တယ်လို့ သတင်းစာဆရာတွေက သုံးသပ်ပါတယ်။ 

မတ် ၂ ရက်က စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ ကြံ့ခိုင်ရေးပါတီဘက်ကနေ ဝါဒဖြန့်ပေးတဲ အမည်ခံ သတင်းထောက်တွေကို စစ်ခေါင်းဆောင်က အလင်္ကာကျော်စွာဘွဲ့၊ အနုပညာထူးချွန်ဆုနဲ့ လူမှုထူးချွန်ဆုတွေ ပေးအပ်ခဲ့ပါတယ်။ 

အဲ့ဒီလူမှုထူးချွန်ဆုပေးခဲ့တဲ့အထဲမှာ ဝဏ္ဏ (ခေါ်) အွန်လိုင်းဝဏ္ဏ၊ နိုင်ဝင်းထွန်း (ခေါ်) နောင်တော်လေး၊ သဇင်ဦးစတဲ့ စစ်တပ်ကို အလုပ်အကျွေးပြုနေတဲ့သူတွေကို လူမှုထူးချွန်တံဆိပ် (ဒုတိယ) အဆင့် တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အဲ့ဒီလို စစ်လော်ဘီသမားတွေကို အသိအမှတ်ပြုပြီး ထူးချွန်ဆုတွေပေးတာတွေက စစ်ကောင်စီရဲ့ ဝါဒဖြန့်လုပ်ငန်းတွေ ပိုပြီးအားကောင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သတင်းစာဆရာတွေက သုံးသပ်ကြ ပါတယ်။ 

ဒါကြောင့် သတင်းစိစစ်နိုင်မှု အားနည်းသူတွေအနေနဲ့ သူတို့ရဲ့ ဝါဒဖြန့်မှုတွေကို အစစ်အမှန်လို့ ထင်သွားစေတဲ့အတွက် လူထုအတွက် အန္တရာယ်များလာနိုင်တယ်လို့ ဆိုပါတယ်။ 

ဝါရင့် သတင်းစာ ဆရာတယောက်က “အမှန်တော့ သတင်းသမားတွေကို ဂုဏ်ပြုတယ်ဆိုတဲ့ဟာက ဘက်လိုက်ပြီးသားဟာပေါ့နော်၊ ဘက်လိုက်တယ်ဆိုတာကတော့ ပိုပြီးတော့ ပြောစရာ မရှိ တော့ပါဘူး။ ဒါပေမဲ့ အဲ့ဒါကို ပိုပြီးတော့ အားပေးအားမြှောက်လုပ်သလို ပိုဖြစ်တာပေါ့။ ဝါဒ ဖြန့်လော်ဘီဆိုတာကလည်း သိတယ်၊ ဒါပေမဲ့ သူတို့က သတင်းသမားနာမည်ခံထားတယ်။ ဒါကို အခုလို ဘက်လိုက်အောင် ထပ်ပြီးတော့ အလေးတင်ပေးလိုက်တာ ပိုပြီးတော့ တွန်းပို့ ပေးတာတွေ က ဒီသတင်းလောကကို ပိုပြီးတော့ ထိခိုက်စေတယ်။ ဒီလူတွေက လော်ဘီလို့ပြောပေမဲ့ သတင်းဆို တဲ့‌ ခေါင်းစဉ်အောက်မှာ ရှိနေတာ” လို့ ပြောပါတယ်။ 

စစ်ကောင်စီက သူတို့ရဲ့ စစ်လော်ဘီ ဝါဒဖြန့်ချိရေးသမားတွေကို အရေးပေးဂုဏ်ပြုနေပေမဲ့ တဖက်မှာလည်း သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ပြီး သတင်းသမားအယောက် ၃၀ လောက် ဖမ်းဆီးထောင်ချခံထားရဆဲပဲလို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)က မတ် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်လော်ဘီ ဝါဒဖြန့်သမားတွေဟာ သတင်းစာပညာနဲ့သတင်းစာကျင့်ဝတ်တွေကို လိုက်နာပြီး လုပ်နေကြသူတွေ မဟုတ်ဘဲ သတင်းတုသတင်းမှားနဲ့ ဝါဒဖြန့်ချိရေးကို အဓိက လုပ်နေကြတာ ဖြစ်တဲ့အတွက် သူတို့ကို သတင်းသမားလို့ မသတ်မှတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

စစ်လော်ဘီတွေဟာ လူမျိုးရေး၊ ဘာသာ‌ရေး၊ နိုင်ငံရေးကို အခြေခံပြီးတော့ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသ တွေကို စစ်ကြောင်းထိုးဖို့၊ လူမျိုးတုံးသတ်ဖြတ်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ အားပေး နေသူတွေလည်းဖြစ်ပါတယ်။

သူတို့ဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းစဉ်ကို စနစ်တကျလုပ်နေပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ စစ်ကောင်စီရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို အားနည်းအောင် ပုံဖျက် လုပ်ဆောင်နေတဲ့သူတွေလို့ ဆိုပါတယ်။ 

ဒီလိုလူတွေကို ဆုတံဆိပ်တွေပေးပြီး ချီးမြောက်လိုက်တဲ့အတွက် သူတို့ကြောင့် လူ့အသိုက်အဝန်းရဲ့ စည်းလုံးမှု၊ သဟဇာတဖြစ်မှုတွေ ထိခိုက်နိုင်တယ်လို့ အွန်လိုင်း သတင်းအချက်အလက် စောင့်ကြည့် လေ့လာသူ တယောက်က ပြောပါတယ်။

“အမုန်းစကားတွေကို ပြောဆိုတိုက်တွန်းနေတာဖြစ်တဲ့အတွက် လူထုကြားထဲမှာ ငြိမ်းချမ်းမှု၊ စည်းလုံးမှု၊ သဟဇာတဖြစ်မှုတွေအပေါ်မှာ သက်ရောက်မှုတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ အခုလို အားပေးမှုတွေ ရှိလာတာကြောင့် စစ်အုပ်စုက သူ့ရဲ့ လော်ဘီတွေအားပေးမှုတွေကြောင့် ပဋိပက္ခတွေ ပိုပြီး‌တော့ မြင့်မားလာနိုင်တယ်။ အမုန်းစကားတွေ ပိုပျံ့နှံ့လာနိုင်တယ်၊ လူမှုဝန်းကျင် ထဲက သဟဇာတဖြစ်မှုတွေက ပြိုကွဲလာနိုင်ပါတယ်။” 

စစ်တပ် ဝါဒဖြန့်ချိရေး အမည်ခံ သတင်းထောက်တွေဟာ လူသုံးများတဲ့ ဆိုရှယ်ပလက်ဖောင်း တွေဖြစ်တဲ့ တစ်တော့၊ တယ်လီဂရမ်၊ ယူကျုစတဲ့ ပလက်ဖောင်းတွေကို အသုံးပြုပြီး လူထုဆီကို ဝါဒဖြန့် သတင်းမှားတွေရောက်အောင် ပို့ဆောင်ပေးနေသူတွေဖြစ်ပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013