Home
အနုပညာ
ဖျော်ဖြေရေးတွင် လူရယ်စရာအဖြစ် သရုပ်ဖော်ခံနေရသည့်အပေါ် မသန်စွမ်းသူများက ကန့်ကွက်
DVB
·
March 3, 2026

ရုပ်ရှင်၊ ပြဇာတ်နဲ့ သဘင်တွေမှာ မသန်စွမ်းတွေကို လူရယ်ရွှင်စရာအနေနဲ့ ကပြဖျော်ဖြေ တင်ဆက် လေ့ရှိရာမှာ မသန်စွမ်းသူတွေကို ရယ်စရာအဖြစ် သရုပ်ဖော်ကြတာနဲ့ပတ်သက်လို့  မသန်စွမ်း အဖွဲ့အစည်းတွေနဲ့ မသန်စွမ်းတွေ ကိုယ်တိုင်က ကန့်ကွက်နေကြပါတယ်။

လတ်တလောမှာ ဇာတ်သဘင်အဖွဲ့တခုရဲ့ ပရိသတ်တွေနဲ့ ပြည်သူလူထုကြားမှာ ဝေဖန်ထောက်ပြ ပြောဆိုမှုတွေနဲ့ အပြန်အလှန် အပြစ်တင်ဝေဖန်မှုတွေက တစထက်တစ ပိုဆိုးလာနေပါတယ်။

ဟိုးအရင်တွေကတည်းက ရုပ်ရှင်နဲ့ သဘင်ဘက်မှာ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ အပါအဝင် မသန်စွမ်းတွေကို သရုပ်ဖော်ရာမှာ လွဲမှားတဲ့အယူအဆတွေ ဖြစ်လာအောင် ပုံဖော်တင်ဆက်လေ့ ရှိတာကြောင့် ခေတ်အဆက်ဆက် အမှားတွေက အခုလို ပြဿနာတွေကို ပိုမို ကြီးထွားစေခဲ့တာလို့ ဆိုပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုပြည့်စုံက “အဓိကကတော့ သူတို့ ဇာတ်စင်ပေါ်မှာ ဖျော်ဖြေခဲ့တာ မသန်စွမ်းတွေရဲ့ လှုပ်ရှားမှုကို လှောင်ပြောင်ရာရောက်တယ်လို့ ဆိုပြီး အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေက တောက်လျှောက် ဝေဖန်ထောက်ပြခဲ့ကြတယ်ပေါ့။ ဒါပေမဲ့ အောင်ဇမ္ဗူ ကိုယ်တိုင်က မီဒီယာ အင်တာဗျူးတွေမှာ အခုလိုလုပ်ခဲ့တာက ရှေ့က လူရွှင်တော်ကြီးတွေ ကိုယ်တိုင်ကိုက အပျော်သဘောနဲ့ လုပ်ခဲ့ကြတယ်။ ဒီထက်ဆိုးတာတွေတောင် ရှိတယ်ပေါ့။ အဲဒီတုန်းကတော့ မပြောဘဲနဲ့ အခု အောင်ဇမ္ဗူလုပ်မှ လုပ်တယ် ပြောတယ် ဆိုပြီးတော့ အင်တာဗျူးတွေမှာ ဖြေတာရှိတယ်။ ဆိုတော့ ဒီအင်တာဗျူးဖြေကြားချက်တွေကို ပရိသတ်တွေက ယူပြီးတော့ မသန်စွမ်းတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်လာကြတယ်ပေါ့” လို့ ပြောပါတယ်။

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ ဖျော်ဖြေမှုတခုထဲမှာ လူရွှင်တော်တွေရဲ့ မသန်စွမ်းတွေအပေါ် သရုပ်ဖော်မှုကို ပြည်သူတွေ၊ ရွှေမင်းသား ဖောင်ဒေးရှင်းလို မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ မသန်စွမ်း တွေက ကန့်ကွက်ရှုတ်ချနေ ကြတာဖြစ်ပါတယ်။

ဖျော်ဖြေရေးကဏ္ဍမှာ ပရိသတ်အခိုင်အမာ ရရှိထားသူတွေအနေနဲ့ တင်ဆက်ပြသရာမှာ နားလည်မှု လွဲပြီး ခွဲခြားမခံရရေး သတိထားဖို့  မသန်စွမ်းတွေက လိုလားနေတာ ဖြစ်ပါတယ်။

အမြင်အာရုံမသန်စွမ်းသူ ကိုညီညီက “ဟိုးတုန်းကလည်း လှောင်ကြတယ်၊ ပြောင်ကြတယ်၊ သရော်ကြတယ်။ သူတို့စိတ်ထဲမှာ လှောင်တယ် ပြောင်တယ် သရော်တယ်လို့တော့ စိတ်ထဲထား တယ် မထင်ပါဘူး၊ သူတပါး အားနည်းချက်ကို ဖိနင်းတယ်လို့ စိတ်ထဲရှိတယ်လည်း မထင်ပါဘူး။ အခုလိုလုပ်လို့ မရတော့ဘူး။ မသန်စွမ်းဥပဒေဆိုတာ ရှိလာပြီဆိုတာကို ပြချင်တာ။ အခုလို ပွင့်လင်း မြင်သာမှုရှိတဲ့ခေတ်ရဲ့ ရေစီးကြောင်းကိုလည်း ပြနေတယ်။ ဒီခေတ်မှာ အားလုံးလုပ်နေ ရနေပြီး အားလုံးနဲ့ တန်းတူ တပြေးညီရှိတယ်။ ကျနော်တို့လည်း လူသားတွေထဲက လူသားတဦးပါပဲ။ မသန်စွမ်းဖြစ်နေခြင်းက အကြောင်းတခုအနေနဲ့ရှိနေလို့ပါ။ တခြားသာမန်လူတွေ ပြောလိုက် ဆိုလိုက် ပြုမှုလိုက်တဲ့ အနေအထားက  လူတိုင်းမသိဘူးဗျ လေးငါးယောက်လောက်ပဲ။ အခုလို နာမည်ကြီးနေတဲ့ လူတွေက အဲဒီလိုပြောလိုက်တဲ့အခါကျ အရမ်းထိခိုက်ရတယ်ဗျ။ ကျနော်က အဲဒီလို ခွဲခြားမှု မခံရရေးကို ကျနော်တို့ ဦးဆောင်လုပ်နေကြတာပါ” လို့ ပြောပါတယ်။

၂၀၁၇ နှစ်က သရုပ်ဆောင်မြင့်မြတ်ပါဝင်တဲ့ “ကို့ရိုးကားယား” ရုပ်ရှင်မှာလည်း မသန်စွမ်းတွေအပေါ် ရယ်စရာနဲ့ နားလည်မှု လွဲမှားစေနိုင်တဲ့ သရုပ်ဆောင်မှုကြောင့် မသန်စွမ်းအဖွဲ့အစည်းတွေ ဦးဆောင် ပြီး ရုင်ရှင်အစည်းအရုံး တာဝန်ရှိသူတွေနဲ့ သတိပေး တွေ့ဆုံနွေးဆွေးတာတွေ လုပ်ဆောင်ခဲ့ဖူး ပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုပြည့်စုံက “မသန်စွမ်းသူဆိုရင် မြန်မာနိုင်ငံမှာက ကံကံရဲ့ အကျိုးကြောင့် လို့ ‌ရှေးဘဝက သူများကို လုပ်ခဲ့လို့ဆိုတဲ့ ဟာမျိုးတွေနဲ့ နှိမ်ချဆက်ဆံကြတာ ပိုများတယ်။ အမှန်တော့ မသန်စွမ်းမှုဆိုတာက ကျန်းမာရေးအားနည်းချက်တခုပဲဖြစ်တယ်။ ဒါကိုလည်း အရင်ကတည်းက  မသန်စွမ်းအဖွဲ့တွေက အသိပညာပေး ဆွေးနွေးတာတွေ လုပ်ထား ကြတယ်။ ပြောချင်တာက အောင်ဇဗ္ဗူဖြစ်မှ လုပ်တာမဟုတ်ဘူး အောင်ဇဗ္ဗူလုပ်မှ ပြောတာ မဟုတ်ဘူး၊ ရှေးမှာတွေကတည်းက ထောက်ပြခဲ့ကြတာတွေက သိသာပါတယ်။ ဒါမျိုးကို လူတွေ အနေနဲ့ ပိုအမြင်ကျယ်လာမယ်ဆိုရင်တော့ မသန်စွမ်းသူတွေကို နှိမ်ချဆက်ဆံတာတွေ ခွဲခြား ဆက်ဆံတာတွေက လျှော့နည်းလာမယ်လို့ ယုံကြည်တယ်ပေါ့” လို့ ပြောပါတယ်။

မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CRPD) ပါ အခြေခံ သဘောတရားမှာ ”မည်သူမှ ခွဲခြားဆက်ဆံခြင်းမခံရစေရ” လို့ ဖော်ပြထားပြီး အပိုဒ် ၂၂ ပုဂ္ဂိုလ်ရေး ကိစ္စကို လေးစားခြင်းမှာဆိုရင်လည်း “မသန်စွမ်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အမည်၊ ဂုဏ်သတင်းကို ထိခိုက် စေသည့် စော်ကားမှုတွေကို မပြုလုပ်ရ၊ အဆိုပါ စွက်ဖက်မှု သို့မဟုတ် စော်ကားမှုတွေကို တရား ဥပဒေအရ ကာကွယ်ပေးရမယ်” လို့ ထည့်သွင်းရေးသားထားပြီး အဲဒီသဘောတူစာချုပ်ကို  မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013