
ဘရန်းဖို့ဒ်အသင်းဟာ ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ အကြိတ်အနယ် ကစားကာ အနိုင်ရပြီး လာမဲ့ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် အားကောင်းလာပါတယ်။
ပွဲပြီးခါနီး မိနစ် ၉၀ ကျော်မှာ ဒမ်းဂါတ်ရဲ့ အနိုင်ဂိုးနဲ့ အတူ ၃ မှတ်ရယူနိုင်ခဲ့တာကြောင့် အဆင့် ၅ က လီဗာပူးနဲ့ ၅ မှတ်အကွာအထိရောက်ရှိလာတာပါ။
ပွဲချိန် ၉၈ မိနစ်မှာ ဘန်လေတိုက်စစ်မှူး အက်ရှ်လေ ချေပဂိုးသွင်းနိုင်ခဲ့ပြီလို ထင်ခဲ့ပေမဲ့ ၄ မိနစ်ကြာ VAR ပြန်ကြည့်ပြီးနောက် လက်ထိဘောပြစ်ဒဏ်ကြောင့် ဂိုးပယ်ဖျက်ခံလိုက်ရပါတယ်။
ဒီရာသီမှာ သောမတ်စ်ဖရန့်ခ်ရဲ့နေရာကို အစားထိုးခဲ့တဲ့ နည်းပြကိသ်အန်ဒရူးဟာ အစောပိုင်းက ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အခုတော့ အသင်းကို ၁၃၄ နှစ်တာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရဖို့ အနီးစပ်ဆုံး အခြေအနေကို ပို့ဆောင်ပေးထားပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း အသင်းက သူ့ကို ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။
နည်းပြ ကိသ်အန်ဒရူးကတော့ ဇယားအဆင့်ကို ကြည့်မနေဘဲ တပွဲချင်းစီကိုပဲ အာရုံစိုက်သွားမယ်လို့ ပြောဆိုထားပြီး ဘောလုံးသုံးသပ်သူ တချို့ကတော့ သူ့ကို ဒီရာသီရဲ့ အကောင်းဆုံးနည်းပြဆု ရရှိဖို့ ထိပ်ဆုံးက ရေပန်းစားသူအဖြစ် သတ်မှတ်နေကြပါတယ်။


