Home
မြန်မာသတင်း
မဟာချိုင် စီအိုင်စခန်းတွင် အလုပ်သမားထံက ငွေပိုတောင်းခံနေ
DVB
·
February 28, 2026

ထိုင်းနိုင်ငံမှာ၊ စီအိုင်စာအုပ် ပြုလုပ်တာကို ပုံမှန်အတိုင်း 7-11 မှာ ငွေသွင်းပြီး ရက်ချိန်းနဲ့ သွားရောက်လုပ်ကိုင်တာ လက်မခံဘဲ ပွဲစားတွေနဲ့ အပိုကြေးပေးပြီးလုပ်မှ စီအိုင် ထုတ်ပေးနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ 

ထိုင်းနိုင်ငံ၊ စမွတ်စခွန် (မဟာချိုင်) မှာ စီအိုင်စာအုပ် သက်တမ်းလာတိုးတဲ့ အလုပ်သမားတွေ 7-11 မှာ ငွေသွင်းချလံရပြီး၊ စလစ်ရက်ချိန်းအတိုင်း စီအိုင်မလုပ်ပေးဘဲ စင်တာတွေမှာ ချိတ်ဆက်ထားတဲ့ ပွဲစားတွေနဲ့လုပ်မှ ရက်ချိန်းပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က စမွတ်စခွန် စီအိုင်စင်တာမှာ (ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) CI စာအုပ် သက်တမ်းသွားတိုးတဲ့ အလုပ်သမား ၂၀ ကျော် အခုလို ကြုံခဲ့ရတာဖြစ်ပါတယ်။

အလုပ်သမားတွေ ကိုယ်တိုင် 7-11 မှာ ငွေသွင်းပြီးကြောင်း လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ခဲ့ပေမယ့် စီအိုင်စာအုပ် သက်တမ်းတိုးဖို့ အဲဒီရက်မှာ လုပ်ခွင့်မရခဲ့ဘူးလို့ ကိုယ်တိုင်ကြုံခဲ့တဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

“အစဉ်အဆက်မှာ CI ကို  7-11 မှာ ပါတဲ့ စလစ်အတိုင်း စီအိုင်စခန်းတွေမှာ သွားရောက် လုပ်ကိုင်လို့ ရတယ်။ အခုက သူတို့တွေကို ပိုက်ဆံလည်းပေးထားတယ်။ ဒီ 7-11 က ရတဲ့ စလစ်ပါ ရက်အတိုင်း လာလုပ်တာကို လက်မခံဘူး။ သူတို့ပေးတဲ့ ရက်မှာမှ လာလုပ်ရမယ်ဆိုတော့ ဒါ အလုပ်သမားတွေကို Forced Labor လုပ်တာပဲ။ 7-11 မှာ သွင်းထားတဲ့ ပိုက်ဆံတွေအပြင် သူတို့အတွက် မာဖီးယားကြေးဆန်ဆန် နောက်ထပ် ပိုက်ဆံ ထပ်တောင်းကြတယ်။ တယောက်ကို ၁၁၅၀ ကနေ အပြင်မှာဆို ၁၄၅၀ ဖြစ်နေပြီ။ ဒီလို လုပ်တာကလည်း အုပ်စုဖွဲ့ ဂိုဏ်းဂဏ လုပ်ပြီး အလုပ်သမားတွေရဲ့ ပိုက်ဆံကို အတင်းအဓမ္မ တောင်းယူတာပဲ။ အဲဒါကို  မကျေနပ်လို့ ကျနော်တို့ ပြောနေတာ။ ကျနော်တို့ ပြောချင်တာက ကျနော်တို့ ရက်မှန်အတိုင်း ဝင်၊ သူတို့တောင်းတဲ့ မာဖီးယားကြေး ပိုက်ဆံလည်း ပေးမယ်။ ဒါပေမဲ့ အလုပ်သမားတွေကို ရက်မှန်အတိုင်းပေးဝင်ပါလို့ ပြောတာကို သူတို့ လက်မခံဘူး။ အဲ့ရက်မှာလည်း မပေးဘူး၊ ဘယ်ရက်လာပါလည်း မပြောဘူး။ အလုပ်သမားတွေ မနက် ၆ နာရီကနေ ညနေ ၅ နာရီထိ စောင့်နေတာ”

စီအိုင် အထောက်အထားကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ မြို့တို့မှာ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ 

စီအိုင်စာအုပ် အသစ်ပြုလုပ်၊ သက်တမ်းတိုးသူတွေအနေနဲ့ နီးစပ်ရာ 7-11 ဆိုင်တွေမှာ စာအုပ်ဖိုး ၂,၆၇၀ ဘတ်ကို ပေးသွင်းရပြီး၊ ငွေသွင်းချိန်မှာပဲ မိမိသွားလိုတဲ့ စင်တာနဲ့ ရက်စွဲကို ရွေးချယ် လျှောက်ထားရတာဖြစ်ပါတယ်။

လက်တွေ့မှာတော့ စီအိုင်စာအုပ်ပြုလုပ်ခက ပွဲစားတွေနဲ့လုပ်မယ်ဆိုရင် ဘတ် ၆,၅၀၀ ဝန်းကျင်ကနေ ၈,၀၀၀၊ တသောင်းလောက်အထိပေးနေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ 

အလုပ်သမားအရေးလှုပ်ရှားသူ ကိုရဲမင်းက “အပြင်ပွဲစားတွေက ၈,၀၀၀၊ တသောင်းတွေ တောင်းတယ်။ တချို့ဆိုရင် တသောင်းကျော်တွေ တောင်းတဲ့အထိ ကျနော်တို့ဆီ သတင်းတွေ ဝင်လာတာရှိတယ်။ တချို့တွေ စီအိုင်စာအုပ်ဖိုးတွေ ကြိုကောက်ထားတယ်။ လုပ်မယ် ကိုင်မယ်ဆိုပြီး ပွဲစားကို ဆက်သွယ်လို့မရလို့ လာတိုင်ထားတဲ့ အမှုတွေလည်းရှိတယ်။ 7-11 သွင်းကြေးအပြင်ကို စီအိုင်စင်တာထဲ ဝင်ခ၊ တန်းစီခ၊ ဘာခညာခတွေ ရှိသေးတယ်။ ပွဲစားတွေက အခုလိုမျိုး ဈေးနှုန်းတွေမတန်မဆ ကောက်နေတာတွေကို အခုကတည်းကကြားနေရပြီ။ အလုပ်သမားတွေအနေနဲ့လည်း အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်လုပ်တဲ့ အကျိုးဆောင် အေဂျင်စီတွေနဲ့ ချိတ်ဆက်လုပ်ဖို့လိုတယ်။ ပတ်စ်ပို့စာအုပ်အနီ သာမာန်နိုင်ငံကူးလက်မှတ် မရှိထားသူတွေက မဖြစ်မနေ စီအိုင်စာအုပ်ကို လုပ်နေရတာပေါ့။ မလုပ်ဘူးဆိုရင်လည်း ထိုင်းနိုင်ငံမှာ နေထိုင်ရပ်တည်ဖို့၊ ဗီဇာရဖို့၊ အလုပ်အကိုင်တွေရဖို့ ခက်ခဲမယ်လေ။ အဲဒီတော့ အလုပ်သမားတွေအနေနဲ့ မလုပ်ချင်တဲ့ စီအိုင်ကို လုပ်နေရတဲ့သဘောလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ထိုင်းမှာ CI စာအုပ်ကိုင်ဆောင်တဲ့ အလုပ်သမားတွေ စီအိုင်ကနေ PJ ပတ်စ်ပို့ပြောင်းတဲ့အခါ ပတ်စ်ပို့စာအုပ်မှာ Passport For Thailand only (ထိုင်းနိုင်ငံအတွက်သာ) အသုံးပြုဖို့ဆိုတဲ့ ကန့်သတ်ချက်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ 

ဒီနှစ်မှာတော့ စီအိုင် စာအုပ်သက်တမ်းတိုးတဲ့အခါ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး စီအိုင်စာအုပ် ထုတ်မပေးတာတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်က ထိုင်းရောက်မြန်မာလုပ်သားတွေထဲမှာ CDM အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေလည်း ရှိနေတာကြောင့် စီအိုင်စခန်းတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013