
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျုံတောဝကျေးရွာအုပ်စု အင်ကြင်းကုန်း ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ သိမ်ကျောင်းထဲမှာ မဖွယ်မရာပြုလုပ်ခဲ့တဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်တို့ကို ပျော်ဘွယ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်က အင်းကြင်းကုန်းဘုန်းကြီးကျောင်းအတွင်းရှိ သိမ်ထဲမှာ မဖွယ်မရာပြုလုပ်နေတဲ့ စုံတွဲကို ဆရာတော်တပါးက ဗီဒီယိုရိုက်တင်ခဲ့ရာကနေ လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီးနောက် အခုလိုအရေးယူတာလို့ မြိုခံတယောက်က DVB ကိုပြောပါတယ်။
“သိမ်ကျောင်းထဲမှာ မဖွယ်မရာလုပ်တဲ့ ရုပ်သံက လိုင်းပေါ်မှာပြန့်သွားပြီး ဒေသခံတွေကလည်း မကျေနပ်ဘူး။ ရွာကနေ မောင်းထုတ်ဖို့အထိ ဖြစ်လာလို့ ရဲစခန်းက အမှုဖွင့်တာ။ တရားလိုက သာသနာရေးဦးစီးဌာနကပါ။”
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြို့ခံတွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ သိမ်ကျောင်းအတွင်း ကာမဆက်ဆံတဲ့ကိစ္စက အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်တာမှန်ပေမဲ့ ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်တဲ့ကိစ္စက မလုပ်သင့်ဘူးလို့ မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီဖြစ်ရပ်ဟာ လက်ခံလို့မရဘူး။ မလုပ်သင့်တဲ့ကိစ္စဆိုတာ နားလည်တယ်။ လိုင်းပေါ်တင်တဲ့ ဆရာတော်ကိုလည်း အပြစ်မပြောပါဘူး။ ဒါပေမဲ့ အမျိုးသမီးတယောက်ကို မျက်နှာဝါးတာ ဘာညာမရှိဘဲ အခုလို ပေါ်တင်ကြီးတင်တော့ သူ့မိသားစုအသိုက်အဝန်း ပတ်ဝန်းကျင်မှာ ဘယ်လို ရပ်တည်မလဲ။ ကာယကံရှင် အမျိုးသမီးအနေနဲ့ရော ဘယ်လိုနေမလဲ။ လူဆိုတာ အမှားနဲ့ မကင်းကြပါဘူး "လို့ သုံးသပ်ပြောဆိုပါတယ်။
လတ်တလောမှာ ပျော်ဘွယ်မြို့မရဲစခန်းက အဆိုပါ အမျိုးသားနဲ့ အမျိုးသမီးကို ဖေဖော်ဝါရီ ၂၀ ရက်မှာ (ပ) ၂၄ /ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။


