
ပြီးခဲ့တဲ့ သုံးလအတွင်း အွန်လိုင်းပေါ်ကအရေးအသားတွေကို အကြောင်းပြပြီး စစ်ကောင်စီက လူပေါင်း ၅၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ၃ လအတွင်း အမျိုးသား ၃၃ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၆ ယောက်ကိုတော့ စစ်ကောင်စီရဲ့ ရွေးကာဥပဒေနဲ့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
သုံးလပတ်အစီရင်ခံစာမှာ အင်တာနက်ဖြတ်တောက်ခံရတဲ့အခြေအနေတွေ၊ အွန်လိုင်းသုံးပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးလို့ ဖမ်းဆီးခံရတဲ့အခြေအနေတွေ၊ စစ်အုပ်စုရဲ့ စောင့်ကြည့်ရေးယန္တရားတွေကြောင့် ဖမ်းဆီးခံရတဲ့အခြေအနေတွေ၊ အတုအယောင် ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ ဖိနှိပ်မှုဆိုင်ရာအခြေအနေတွေ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် ထိပါးနေတဲ့ အခြေအနေတွေနဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုကြောင့် ဖမ်းဆီးခံရတာတွေကို စောင့်ကြည့်ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာ နည်းပညာချို့ယွင်းတယ်လို့ အကြောင်းပြပြီး တနိုင်ငံလုံးမှာ အင်တာနက်သုံးရခက်ခဲခဲ့သလို ပြင်ဆင်ပြီးစီးမယ်ဆိုတဲ့အချိန်ဟာလည်း စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲပြီးမဲ့အချိန်နဲ့ တိုက်ဆိုင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာလည်း ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်တဲ့အခြေအနေတချို့ ဆက်ဖြစ်ပေါ်ခဲ့ပြီး စစ်ရေးပြင်းထန်တဲ့ဒေသတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်ကို ဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။
အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြောဆိုရေးသားတဲ့အပေါ် ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိပြီး တောင်ဝိုင်းတောင် မြေဖြိုတာနဲ့ပတ်သက်လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားခဲ့တဲ့ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်နဲ့ ကပ္ပိယ ၂ ယောက်ကို ဖမ်းဆီးတာလည်း ပါဝင်ပါတယ်။
စစ်ကောင်စီဟာ အင်တာနက်ပေါ်က ရေးသားပြောဆိုတာတွေကို စောင့်ကြည့်အရေးယူနေသလို တဘက်မှာလည်း သတင်းမှားတွေထုတ်လွှင့်နေတာကိုတွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေကလည်း သူတို့ ထိန်းချုပ်ရာဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်သုံးစွဲတာကို ကန့်သတ်ပိတ်ပင်တာတွေရှိပြီး ဒါတွေကိုလည်း MIP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုလို ပြည်သူတွေ အင်တာနက်သုံးရတာ အခက်အခဲပေါင်းစုံကြုံတွေ့နေရချိန် NUG ပြန်လည်ဖွဲ့စည်းရာမှာ ဆက်သွယ်ရေးဝန်ကြီးဌာနကို ချန်လှပ်ထားခဲ့တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။


