
နယ်စပ်တွေမှာသာမက မြန်မာပြည်တွင်းမှာ ခြေကုပ်ယူလုပ်ဆောင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေ ဖြစ်တဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်လိုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်းအားစုတွေအပြင် ပြည်ပနိုင်ငံအစိုးရတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဗဟိုကော်မတီအနေနဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်ဖို့အတွက် မူဝါဒတွေ ချမှတ်တာ၊ လို အပ်တဲ့ ကော်မတီတွေ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်တွေ သတ်မှတ်ပေးတာ၊ လုပ်ထုံးလုပ်နည်း(SOP)တွေ ရေးဆွဲချမှတ်ပေးတာ၊ ကျားဖြန့်လုပ်ငန်းတွေမှာ တရားဝမ၀င် ဝင်ရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ကော်မတီကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၁)၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၂)၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အတွင်းရေးမှုး တာဝန်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေ အများဆုံးအခြေချလုပ်ကိုင်နေတဲ့ ရွှေကုက္ကိုနယ်မြေနဲ့ KK Park နယ်မြေအတွင်းမှာ ယနေ့ထိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၃၆၁ လုံးကို ဖျက်ဆီးပြီးဖြစ်တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ရွှေကုက္ကိုနယ်မြေနဲ့ KK Park ကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီတပ်ရဲ့ ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်ကောင်စီတပ်ရဲ့ မဟာမိတ် DKBA တပ်တွေက အကာအကွယ်ပေး အကျိုးတူလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံသားကျားဖြန့်ဂိုဏ်းသားတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ အကျင့်ပျက် ဝန်ထမ်းတွေက လာဘ်ငွေယူ မှတ်ပုံတင်ပြုလုပ်ပေးပြီး မြန်မာနိုင်ငံထဲ ခေါ်သွင်းနေတာတွေ လည်းရှိနေပါတယ်။


