Home
မြန်မာသတင်း
မြန်မာနိုင်ငံက ဒိန်းမတ် NAC ၏လုပ်ငန်းများ လူ့အခွင့်အရေးစံနှုန်းပျက်ကွက်ကြောင်း အတည်ပြု
DVB
·
February 14, 2026

ဒိန်းမတ်အခြေစိုက် လေယာဉ်အငှားဝန်ဆောင်မှု ကုမ္ပဏီ Nordic Aviation Capital (NAC) အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စံနှုန်း‌တွေ ပြည့်မီအောင် မလိုက်နာခဲ့တာကို တွေ့ရှိခဲ့တယ်လို့ Justice for Myanmar (JFM) ထုတ်ပြန်ပါတယ်။

JFM ရဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ချက်မှာ Air KBZ က တဆင့် ATR လေယာဥ်တွေကို မြန်မာစစ်တပ်က အသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်တွေကို ဆန်းစစ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒိန်းမတ်အခြေစိုက် လေယာဉ်အငှားဝန်ဆောင်မှု ကုမ္ပဏီ NAC ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (OECD ရဲ့ စံနှုန်းတွေကို ပြည့်မီခြင်းမရှိဘူးလို့ NCP Denmark ရဲ့ ဖော်ထုတ်ထားမှုအပေါ် ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ အဆင့်မြင့်တိုင်ကြားရေးဌာန (NCP Denmark) ကထုတ်ပြန်လာတဲ့ တွေ့ရှိချက်တွေအပေါ်  JFM က ကြိုဆိုပေမဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အရေးပါတဲ့ အချက်အလက်တွေအ‌ပေါ်  ချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း JFM က ဆိုပါတယ်။

ဒီလို NCP Denmark ရဲ့ တွေ့ရှိချက်ဟာ JFM ရဲ့တိုင်ကြားမှုအပေါ် အခြေခံထွက်ပေါ်လာတာဖြစ်ပြီး တိုင်ကြားချက်ကို NCP Denmark က စစ်ဆေးအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

JFM အနေနဲ့ NCP Denmark ရဲ့ တွေ့ရှိချက်ကို ကြိုဆိုပေမဲ့လည်း NCP Denmark ဟာ NAC နဲ့ Air KBZ တို့ ပတ်သက်တဲ့ စီးပွားဆက်ဆံရေးတွေကိုပဲ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပြီး KT Group နဲ့ အရောင်းအဝယ်‌တွေကိုတော့ ၅ နှစ်သက်တမ်း ကန့်သတ်ချက်ကြောင့် ချန်လှပ်ထားခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း JFM က ဆိုပါတယ်။

OECD ရဲ့ လမ်းညွှန်ချက်တွေမှာ ဒီလို သက်တမ်းကန့်သတ်ချက်တွေ လိုအပ်တယ်လို့ ဖော်ပြထားခြင်းမရှိသလို ATR လေယာဉ်တွေကို စစ်တပ်က ဒီကနေ့အထိ အသုံးပြုနေပြီး နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် NAC ရဲ့ လေယာဉ်တွေ လွှဲပြောင်းပေးအပ်ခဲ့တဲ့ သက်ရောက်မှုတွေက ဆက်လက်ရှိနေဆဲဖြစ်တယ်လို့လည်း JFM က ထောက်ပြခဲ့ပါတယ်။

JFM က တင်သွင်းတဲ့ တိုင်ကြားချက်တွေအရ ဒိန်းမတ်အခြေစိုက် လေယာဉ်အငှားဝန်ဆောင်မှု ကုမ္ပဏီ (NAC) က Air KBZ နဲ့ ခရိုနီစီးပွား‌ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ KT Group တို့ဆီ လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင် လေယာဉ် ၄ စင်းကို မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေ၊ လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်ဖို့နဲ့ ကင်းထောက်ဖို့အတွက် လေတပ်မှာ ပြောင်းလဲ အသုံးပြုနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင် Air KBZ ကို Mingalar Aviation အဖြစ် အမည်ပြောင်းလဲထားတဲ့ အရပ်ဘက် လေကြောင်းလိုင်းဟာ စစ်တပ်ရဲ့ လေကြောင်းပျံသန်းနိုင်ဖို့ လိုအပ်တဲ့ လေယာဉ်အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ အဆက်မပြတ် ရရှိစေဖို့ ကူညီဆောင်ရွက်ပေး‌နေတယ် လို့လည်း JFM က ဆိုပါတယ်။ 

JFM ဟာ NAC နဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Dubai Aerospace Enterprise (DAE) တို့ကို ၂၀၂၄ ခုနှစ်မှာ အမေရိကန်အစိုးရ ထုတ်ပြန်ထားတဲ့ စီးပွားရေးအကြံပြု သတိပေးချက်ကို လိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ စိစစ်မှုတွေကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဖို့နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်တွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်လုပ်ဆောင်ဖို့ ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013