
အယ်လ်ဘေးနီးယား ရုပ်ရှင်နဲ့ ပြဇာတ်သရုပ်ဆောင် အနီးလားဘီးရှားဟာ ကမ္ဘာ့ပထမဆုံး အစိုးရအဖွဲ့ဝင် "AI ဝန်ကြီးတွေ"ကို ဖန်တီးရာမှာ သူ့ရဲ့မျက်နှာနဲ့ အသံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့ခြင်းအတွက် အယ်လ်ဘေးနီးယားအစိုးရကို တရားစွဲ လိုက်ပါတယ်။
အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် အဲဒီးရားမာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သူ့ရဲ့ ၄ ကြိမ်မြောက် ရာထူးသက်တမ်းကို စတင်ချိန်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ခြေလှမ်းသစ် အနေနဲ့ အစိုးရစာချုပ်စာတမ်းတွေ ချထားပေးရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့အတွက် "ဒီယဲလာ" လို့ နာမည် ပေးထားတဲ့ AI နည်းပညာသုံး ဝန်ကြီးတယောက်ကို မိတ်ဆက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ AI ဝန်ကြီးရဲ့ ပုံစံဟာ လူသိများတဲ့ ရုပ်ရှင်နဲ့ ပြဇာတ်သရုပ်ဆောင် အနီးလားဘီးရှားရဲ့ အသံနဲ့ ရုပ်သွင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒီပုံကြောင့် အွန်လိုင်းမှာ နှောင့်ယှက်မှုတွေနဲ့ လမ်းပေါ်မှာ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ကြုံခဲ့ရတယ်လို့ အနီးလားဘီးရှားက ပြောပြီး သူ့ရဲ့ပုံတူကို အဲဒီလိုအသုံးပြုဖို့ ဘယ်တုန်းကမှ သဘောတူညီချက်မပေးခဲ့ဘူးလို့ ဆိုပါတယ်။
အစပိုင်းကတော့ ဒါက ဟာသတခုလို့ သဘောထားခဲ့ပေမဲ့ နောက်တော့ အထူးဆန်းဆုံး မီးမ်စ်တွေ နေ့တိုင်း ပျံ့နှံ့လာတယ်။ ဝန်ကြီးချုပ်ကို မုန်းတဲ့သူတွေက အခုဆိုရင် သူ့ကိုပါ မုန်းတီးနေကြပြီ” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဘီးရှားက သူဟာ မနှစ်တုန်းကတော့ အစိုးရဝက်ဘ်ဆိုက်မှာ ပြည်သူတွေအတွက် စာရွက်စာတမ်းကိစ္စတွေ ကူညီပေးသူ ပုံရိပ်အဖြစ် အသုံးပြုဖို့သာ ခွင့်ပြုခဲ့တာဖြစ်ပြီး၊ အခုလို နိုင်ငံရေးသမားဝန်ကြီးတယောက်အဖြစ် အသုံးပြုဖို့ ခွင့်ပြုခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အယ်လ်ဘေးနီးယား အစိုးရဘက်ကတော့ ဒီတရားစွဲဆိုမှုဟာ အဓိပ္ပာယ်မရှိဘူးလို့ ငြင်းဆိုထားပြီး တရားရုံးမှာပဲ အပြီးသတ် ဖြေရှင်းသွားမယ်လို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ သရုပ်ဆောင်ဘီးရှားရဲ့ ရှေ့နေက နစ်နာကြေး ယူရို ၁ သန်း တောင်းဆိုထားပြီး၊ အစိုးရအနေနဲ့ သူ့ရဲ့ ပုံရိပ်ကို ဆက်လက်အသုံးမပြုဖို့ တားမြစ်မိန့် ထုတ်ပြန်ပေးဖို့ ရှိ၊ မရှိကိုတော့ လာမယ့် တနင်္လာနေ့မှာ တရားရုံးက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Source:Reuters


