Home
မြန်မာသတင်း
အွန်လိုင်းစနစ်ဖြင့်ရောင်းသော ရထားလက်မှတ် ထိုင်ခုံထပ်သည့်ပြဿနာများကြောင့် ဝေဖန်ခံရ
DVB
·
February 14, 2026

အွန်လိုင်းကနေ ရထားလက်မှတ်ရောင်းချတဲ့စနစ် အကောင်အထည်ဖော်လိုက်ပြီးနောက် ထိုင်ခုံထပ်တဲ့ ပြဿနာတွေ ကြုံတွေ့နေရတဲ့အတွက် ခရီးသည်တွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီလက်အောက်မှာရှိတဲ့ မြန်မာ့မီးရထားဌာနက ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-နေပြည်တော်ခရီးစဥ်အတွက် ရထားလက်မှတ်ကို အွန်လိုင်းကရောင်းချတဲ့ စနစ်ကို Pilot Project အနေနဲ့ စတင်နေတာဖြစ်ပါတယ်။

အဲဒီလိုအွန်လိုင်းကတဆင့်ရောင်းတဲ့ ရထားလက်မှတ်မှာ ထိုင်ခုံနေရာကို တဦးထက် ပိုရောင်းထားတာတွေကြောင့် ထိုင်စရာမရှိဘဲ မက်တပ်ရပ်စီးရတဲ့ အခြေအနေမျိုးတွေ ကြုံနေရတာလို့ ခရီးသည်တွေက ပြောပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တယောက်က “ထိုင်ခုံတွေက ထပ်နေလို့ တော်တော် အဆင်မပြေဖြစ်ကြရတယ်။ အဝေးပြေးခရီးဆိုတော့ လမ်းတလျှောက်လုံး ရပ်စီးလို့က မဖြစ်ဘူးလေ။ လက်မှတ်ဖိုး အဆုံးခံပြီး ကားပဲပြောင်းစီးလိုက်ရတယ်” လို့ ပြောပါတယ်။

အဲဒီလို အဆင်မပြေမူတွေကြောင့် ဆက်မလိုက်ဘဲ ရောက်တဲ့ဘူတာမှာ ဆင်းသွားတဲ့ ခရီးသည်တွေရှိသလို အချို့ခရီးသည်တွေမှာ တလှည့်စီထိုင်ရတာမျိုးတွေနဲ့ အဆင်ပြေသလို ဖြေရှင်းကြရတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေက ပြောပါတယ်။

အွန်လိုင်းကနေ လက်မှတ်ရောင်းတဲ့စနစ် အကောင်အထည်ဖော်ချိန်မှာ ခရီးသွားသူများတဲ့ ဖေဖော်ဝါရီလရဲ့ ရက်ရှည်ရုံးပိတ်ရက် နဲ့ တိုက်ဆိုင်ခဲ့တာကြောင့် အဆင်မပြေမှုတွေ ပိုကြုံကြရတာလို့ မြန်မာ့မီးရထား၊ သွား/လာရေးဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အခုမှစပြီး လုပ်တာဖြစ်လို့ အဆင်မပြေမှုတွေ ဖြစ်သွားတဲ့သဘောပါ။ လိုအပ်တာတွေကို ပြင်ဆင်ရင်း ပိုကောင်းအောင်လုပ်သွားရမှာ။”

လက်ရှိမှာ အမှတ် ၁၁ အဆန်၊ ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ DEMU ရထားနဲ့ ပြေးဆွဲနေတဲ့ အမှတ် ၇ အဆန်၊ ၈ အစုန် ရထား၊ ၃၁ အဆန်၊ ၃၂ အစုန် ရန်ကုန်-နေပြည်တော် ရထား ခရီးစဉ်တွေအတွက် အွန်လိုင်းကနေ လက်မှတ်ရောင်းပေးနေတာပါ။

အွန်လိုင်းကတဆင့် ရထားလက်မှတ်ဝယ်မယ်ဆိုရင် ခရီးစဉ်အစအဆုံးအတွက် ၇ ရက်၊ ကြားဘူတာအတွက် ၃ ရက် ကြိုတင်ဝယ်ယူမယ်လို့ ကြေညာထားပါတယ်။

အဲဒီအွန်လိုင်းကဝယ်ထားတဲ့ ရထားလက်မှတ် e-Receipt ကို သက်ဆိုင်ရာ ဘူတာကောင်တာဆီ ရထားမထွက်ခွာမီ ၁ နာရီအလိုမှာ လဲလှယ်ရမယ်လို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013