
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီး ပြန်လည်တည်ဆောက်နိုင်ဖို့ မောင်တောခရိုင်ရှိ မွတ်စလင်တွေက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၈ ရက်က မြောက်ဦးမြို့မှာ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေဆီကို မောင်တောခရိုင် ဘာသာရေးခေါင်းဆောင်တွေ၊ ဂျူရီလူကြီးတွေက ငွေကျပ်သိန်း ၅၀၀ ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်ရေးအတွက် မွတ်စလင်တွေဆီက အလှူငွေ လှူဒါန်းမှုဟာ ရခိုင်ပြည်တွင်း မှီတင်းနေထိုင်သူတွေဟာ စည်းလုံးညီညွတ်မှုရှိတယ် ဆိုတာကို ပြသနေတာဖြစ်ပြီး ရခိုင်ပြည်အတွင်းက လူ့အသိုက်အဝန်းဟာ သဟဇာတဖြစ်စေမှုကို အများကြီး တိုးတက်စေနိုင်တယ်လို့ မြောက်ဦးမြို့နယ်က မွတ်စလင်လူငယ်တယောက်က ပြောပါတယ်။
“မြောက်ဦးဆေးရုံအတွက် မောင်တောက မွတ်စလင်ပြည်သူတွေဆီက သိန်း ၅၀၀ လှူဒါန်းမှုဟာ အပြုသဘောဆောင်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒီဆေးရုံဟာဆိုရင် လူမျိုးမရွေး ဘာသာမရွေး ဆေးကုသနေတဲ့ ဆေးရုံလည်း ဖြစ်တယ်။ အခုလို ဆေးရုံပြန်လည်တည်ဆောက်ရေးအတွက် လှူဒါန်းမှုဟာ ရခိုင်ပြည်အတွင်း နေထိုင်သူ အားလုံးဟာ စည်းလုံးမှုရှိတယ် ဆိုတာကို ပြသတာဖြစ်ပြီး ရခိုင် လူ့အသိုက်အဝန်းရဲ့ သဟဇာတဖြစ်ထွန်းမှုကို အများကြီးတိုးတက်စေမှာ သေချာတယ်။”
မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဆေးကုသမှု ခံယူနေကြတဲ့ မြို့နယ် ၃ ခုက မွတ်စလင် ၄ ယောက်ထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။
မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးဟာ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဆေးရုံတွေထဲမှာ အကြီးဆုံးဆေးရုံဖြစ်ပြီး စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၆ ယောက်အထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ပြီးနောက် နိုင်ငံတကာရှိ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဆေးရုံပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးလှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။


