Home
မြန်မာသတင်း
လုပ်ငန်းခွင်ပြန်ဝင်မည့် CDM ဝန်ထမ်းများကို စစ်ကောင်စီက ထောက်ခံစာ ၅ မျိုးတောင်း
DVB
·
February 10, 2026

စစ်တပ်အာဏာသိမ်းလို့ CDM လုပ်သွားတဲ့ နိုင်ငံဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်ခေါ်ပေမဲ့ လက်တွေ့မှာ ထောက်ခံစာ ၅ မျိုး တောင်းတာကြောင့် လုပ်ငန်းခွင်ပြန်မဝင်တဲ့ CDM ဝန်ထမ်းတွေ များတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Blacklist) ကနေ ဖြေလျှော့ပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ စာရွက်တရွက်ပေါ်က အချက်အလက်များသာဖြစ်ပြီး မြေပြင်မှာ ထောက်ခံစာအဆင့်ဆင့် ယူပေးရတယ်လို့ CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“CDM တွေကို Blacklist က ဖျက်ပေးမယ်ဆိုပြီး စစ်တပ်က ခေါ်နေတာက ဟန်ပြပဲ။ တကယ်တမ်း CDM ဝန်ထမ်းတွေက ပြန်ဝင်မယ်ဆို အတော်လေးခက်ခဲတာ၊ မလွယ်ဘူး၊ ထောက်ခံစာ ၅ မျိုး တောင်းတယ်။ မူလနေခဲ့တဲ့နေရာက ရပ်ကွက်ထောက်ခံစာ၊ တိမ်းရှောင်သွားတဲ့နေရာက ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ မြို့နယ်ထွေအုပ်ထောက်ခံစာ၊ မိခင်ဌာနက ထောက်ခံစာတွေ ပေးရတာ။”

စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်ဝင်မဲ့ CDM ဝန်ထမ်းတွေအနေနဲ့ အခက်အခဲတွေ ရှိသလို စစ်ထောက်လှမ်း​ရေးနဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံရနိုင်တာကြောင့် အန္တရာယ်ကြီးမားတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“ပြန်ဝင် CDM အတွက် တကယ်တမ်းကျတော့ မလွယ်ဘူး။ ရပ်ကွက်ထောက်ခံစာယူတာ ပြသာနာမရှိပေမဲ့ ရဲစခန်းထောက်ခံစာယူရင် ရဲစခန်းက ထောက်လှမ်းရေးကို ဖုန်းဆက်ခေါ်လိုက်တာ၊ သူတို့စစ်ဆေးရင် ထောင်ကျနိုင်သလို အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်တယ်။ ကျနော့်အသိတယောက်ဆို ရဲစခန်းထောက်ခံစာယူရင်း ထောက်လှမ်းရေးက အကြမ်းဖက်အားပေး ဆိုပြီး ထောင်ထဲထည့်လိုက်တယ်။”

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Blacklist) မှ ဖြေလျှော့ပေးမယ်ဆိုပြီး အခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ စစ်ခေါင်းဆောင်က ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး စစ်ခေါင်းဆောင်က ဖိတ်ခေါ်တာ အာဏာသိမ်းကာလအတွင်း ၆ ကြိမ်ထက်မနည်း ရှိပြီး ပြန်ဝင်လာတဲ့ CDM ဝန်ထမ်းတွေကို စစ်ထောက်လှမ်းရေးနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက အမှုရှာ ဖမ်းဆီးစစ်ဆေးတဲ့သတင်းတွေကြောင့် လုပ်ငန်းခွင်ပြန်မဝင်တဲ့ CDM ဝန်ထမ်း ထောင်နဲ့ချီ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013