Home
အနုပညာ
အောင်ခန့်ပိုင်ကို ဂီတအစည်းအရုံးက ခံဝန်ကတိလက်မှတ်ထိုးခိုင်း
DVB
·
February 7, 2026

တေးသံရှင် အောင်ခန့်ပိုင် (မသိအုံး ဟ) အနေနဲ့ Myanmar STAR က ပြုလုပ်တဲ့ အဆိုပြိုင်ပွဲ Top 7 အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ (MC) လုပ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၆ ရက်မှာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ခေါ်ယူ ညှိနှိုင်းဆွေးနွေးပြီး ခံဝန်ကတိ ရေးထိုးခိုင်းခဲ့တယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

အောင်ခန့်ပိုင်အနေနဲ့ နောက်နောင် အပြောအဆိုတွေကို လက်လွတ်စပယ် ပြောဆိုတာ မလုပ်ဖို့၊ ဂီတအစည်းအရုံးရဲ့ စည်းကမ်းတွေကို လိုက်နာဖို့နဲ့ နောင် ဒီလိုလုပ်ရင် MC လုပ်ခွင့် မပြုတော့ဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးစေခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးဝင် တယောက်က “အင်တာနက်ပေါ်မှာ ပြောထားတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ အပြောအဆိုတွေကို နောက်နောင်မပြောဖို့ ပြောလိုက်တယ်။ နောက်တခါ ဒါမျိုးတွေ MC လုပ်ရင်းမလုပ်ဖို့ MC တယောက်ရဲ့ ကျင့်ဝတ်တွေနဲ့နေဖို့ပြောတာပါ။ သူကလည်း တမင်တကာနောက်ပြောင်ပြီး လုပ်တာပါလို့ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခံဝန်ကတိထိုးရတာဖြစ်တယ်။ နောက်နောင် ခုလိုလုပ်ဆောင်ရင်တော့ MC လုပ်ခွင့်မရတော့ဘူး လို့ သိရတယ်။ အဆိုပြိုင်ပွဲလုပ်တဲ့ Myanmar Star ဘက်ကလည်း ဂီတအစည်းအရုံးဘက်က စည်းကမ်းအဆုံးအဖြတ်အတိုင်း နာခံပါမယ်လို့ပြောခဲ့တယ်” လို့ ပြောပါတယ်။

အခုလို ခံဝန်ထိုးခိုင်းခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ချက်ချင်း ရပ်ဆိုင်းစေတာမျိုးမလုပ်ဘဲ သေချာပြင်ဆင်ဖို့ အချိန်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

Myanmar STAR က ပြုလုပ်တဲ့ သီချင်းအဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေ အင်္ဂလိပ်သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရချိန် အောင်ခန့်ပိုင်ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည် ၊ နားလည်မှုအပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် အောင်ခန့်ပိုင်က လူမှုကွန်ရက်ကနေ ပြန်ဖြေရှင်းတာတွေလည်း လုပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013