
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က စတင်တည်ဆောက်ခဲ့တဲ့ ရန်ကုန်-ဒလ ဆက်သွယ်ထားတဲ့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို ဖေဖော်ဝါရီ ၆ ရက် ဒီမနက်ပိုင်းက စစ်ခေါင်းဆောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တံတားဖွင့်ပွဲမတိုင်မီ ဖေဖော်ဝါရီ ၅ ရက်ကတည်းက ပုဇွန်တောင်၊ ဗိုလ်တထောင်နဲ့ ဒလမြို့နယ်မှာ စစ်ဘက်၊ အရပ်ဘက် လုံခြုံရေးတွေ တင်းကျပ်စွာ ချထားပြီးမှ တံတားဖွင့်လှစ်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“မင်းအောင်လှိုင် တံတားလာဖွင့်မယ်ဆိုလို့ မနေ့ကတည်းက လုံခြုံရေးအပြည့်ချထားတာ၊ သမ္ဗန်တွေ စက်လှေတွေ မထွက်ရဘူး။ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်ဘက်မှာလည်း စစ်တပ်က အစောင့်တွေ ချထားတာ အများကြီးပဲ။”
ရန်ကုန်-ဒလ တံတားသစ်ကို ဖွင့်လှစ်လိုက်ပေမဲ့ လတ်တလောမှာ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ယာဉ်အမျိုးအစားတချို့ကို ဖြတ်သန်းခွင့် မပြုသေးဘူးလို့ ဆိပ်ကမ်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဒီနေ့မှ စဖွင့်တာဆိုတော့ ယာဥ်တိုင်းတော့ ဖြတ်လို့မရသေးဘူး။ စည်းကမ်းချက်တော့ ထွက်လာမှာပေါ့။ လတ်တလောတော့ အသေအချာ မသိရသေးဘူး။”
NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ မေလမှာ စတင်ဆောက်လုပ်ခဲ့တဲ့ ဒလတံတားဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ အရှည်ဆုံးတံတားထဲမှာ ပါဝင်ပြီး တံတားကင်းလွတ်အမြင့်ပေ ၁၆၀ နဲ့ ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေရှိတာကြောင့် တန်ချိန် ၁၅,၀၀၀ ရှိတဲ့ ပင်လယ်ကုန်သွယ်ရေး သင်္ဘောကြီးအထိ ဖြတ်သန်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်-ဒလ တံတား ပြီးသွားတာကြောင့် ရန်ကုန်မြို့ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့ကို အလွယ်တကူသွားလာနိုင်မှာဖြစ်သလို ဧရာဝတီတိုင်းထဲက ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး စတဲ့ မြို့တွေကိုလည်း သွားလာရလွယ်ကူသွားမှာဖြစ်ပါတယ်။


