
မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်လင်းနိုင်စိုးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက် မနက်အစောပိုင်းက Brave Warriors for Myanmar (BWM) နဲ့ ပူးပေါင်းအဖွဲ့တွေ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ၃ လုံး ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက သတင်းထုတ်ပြန်ထားတာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က တချို့ ဒဏ်ရာရခဲ့တယ်လို့ သတင်းထွက်နေပေမဲ့ ဒီကနေ့အထိ အတည်ပြုနိုင်တာ မတွေ့ရသေးပါဘူး။
လက်ရှိမှာ ဗိုလ်မှူးချုပ်လင်းနိုင်စိုးကို ဖမ်းဆီးစစ်ဆေးနေပြီး သူနဲ့အတူ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ်စိုးဝင်းထွန်းကိုလည်း ဖမ်းထားတယ်လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောါတယ်။
“သတင်းကတော့ ထွက်နေတယ်။ လပခ အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ်လင်းနိုင်စိုးကို ဖမ်းထားတယ်၊ စစ်ဆေးနေတယ်လို့ ကြားတယ်။ ဟုတ်မဟုတ်ကတော့ အတည်ပြုဖို့ ခက်တယ်။ သူနဲ့အတူ ၉၉ တပ်မမှူးလည်း ပါတယ်ကြားတယ်။ ဘာအမှုလဲတော့ မသိဘူး။”
လပခ တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာ စစ်ခေါင်းဆောင်အနေနဲ့လည်း လူမြင်ကွင်းက ပျောက်နေတာ တပတ်ဝန်းကျင် ရှိနေတဲ့အတွက် လူအများကြားမှာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖွဲ့နဲ့ တွေ့ဆုံခဲ့ခြင်း မရှိတဲ့အပေါ်မှာလည်း လူထုက စိတ်ဝင်စားမှု မြင့်တက်နေတာကို တွေ့ရပါတယ်။
လပခကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow (Mandalay) အဖွဲ့နဲ့ Infinity (အညာ) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့တွေက သတင်းထုတ်ပြန်ထားပြီး လက်ရှိ မန္တလေးမှာ လုံခြုံရေးတင်းကျပ်ကာ ဖမ်းဆီးစစ်ဆေးတာတွေ များနေတယ်လို့လည်း သိရပါတယ်။


