
ဗြိတိန် ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖြူရီဟာ ဧပြီလမှာ ရုရှားလက်ဝှေ့သမား မတ်မူဒေါ့ဗ်နဲ့ ပြန်လည်ထိုးသတ်မှာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ တိုင်ဆန်ဖြူရီဟာ ကစားသမားဘဝကနေ အနားယူကြောင်း ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ဖူးပြီး လက်ဝှေ့ကြိုးဝိုင်းထဲကို တကျော့ပြန် ဝင်ရောက်မှာ ဖြစ်ပါတယ်။
တိုင်ဆန်ဖြူရီဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက ယူကရိန်းလက်ဝှေ့သမား အိုလစ်ဆန်ဒါအူဆစ်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း လက်ဝှေ့သမားအဖြစ်ကနေ အနားယူမယ်လို့ ကြေညာခဲ့တာပါ။
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့တဲ့ တိုင်ဆန်ဟာ ၂၀၁၅ ခုနှစ် ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ၁၀ နှစ်နီးပါး လွှမ်းမိုးထားတဲ့ ယူကရိန်းလက်ဝှေ့သမား ဝလာဒီမာကလစ်ကိုကို အနိုင်ရပြီး အသက် ၂၇ နှစ်အရွယ်မှာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာသူပါ။
ဝလာဒီမာကလစ်ကိုဟာ ၁၉၃၀ ခုနှစ်တွေဆီက ၁၁ နှစ်ကြာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ ဂန္ထဝင် လက်ဝှေ့သမားကြီး ဂျိုးဆက်လူးဝစ်နောက်ပိုင်း အချိန်အကြာဆုံး ဟဲဗီးဝိတ်ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ဟဲဗီးဝိတ်ချန်ပီယံတယောက်ပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ၄ နှစ် ၂ လနဲ့ ၂၆ ရက်ကြာ ရပ်တည်နိုင်ခဲ့တဲ့ တိုင်ဆန်ဖြူရီဟာ ချန်ပီယံကာကွယ်ပွဲ ၃ ပွဲမှာ အနိုင်ရအောင် ထိုးသတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။
တိုင်ဆန်ဖြူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတလျှောက် ပွဲပေါင်း ၃၇ ပွဲ ထိုးသတ်ထားပြီး ၃၄ ပွဲ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ ကစားသမားဘဝတလျှောက် အလဲထိုးပွဲ ၂၄ ပွဲရှိခဲ့ပြီး ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ကာ တပွဲ သရေကျခဲ့ပါတယ်။
တိုင်ဆန်ဖြူရီဟာ ၂၀၂၄ ခုနှစ် မေလက ဆော်ဒီမှာ အိုလစ်ဆန်ဒါအူဆစ်နဲ့ ထိုးသတ်တဲ့ပွဲမှာ ပထမဆုံး ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဟဲဗီးဝိတ်ချန်ပီယံဆုကို လွှဲပြောင်းပေးခဲ့ရတာပါ။
တိုင်ဆန်ဖြူရီနဲ့ အိုလစ်ဆန်ဒါအူဆစ် တို့ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ မကျေပွဲ ပြန်ထိုးသတ်ခဲ့ပေမဲ့ ဒိုင်ဆုံးဖြတ်ချက်နဲ့ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
တိုင်ဆန်ဖြူရီနဲ့ မတ်မူဒေါ့ဗ်တို့ ထိုးသတ်မဲ့နေရာကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters


