Home
မြန်မာသတင်း
နွေဦးလူထုရန်ပုံငွေ SCF က တနှစ်အတွင်း ကျပ်သိန်းပေါင်း ၃၇,၀၀၀ ကျော် ဝေမျှပေး
DVB
·
January 28, 2026

နွေဦးလူထုရန်ပုံငွေ SCF ပလက်ဖောင်းကို တည်ထောင်ခဲ့တာ အခုနှစ် ဇန်နဝါရီလကုန်ဆို တနှစ်ပြည့်ပြီဖြစ်ပြီး အဲဒီတနှစ်အတွင်းမှာ SCF ကနေ ကျပ်သိန်းပေါင်း ၃၇,၀၀၀ ကျော် ဝေမျှပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကမ်ပိန်းတွေကို ပြည်တွင်း ပြည်ပက ထောက်ပို့ပြည်သူတွေ တနေရာတည်းကနေ ပါဝင်နိုင်အောင် နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ဘဏ်အဖွဲ့သားတွေက Spring Crowdfund ဆိုတဲ့ နွေဦးလူထုရန်ပုံငွေရှာတဲ့ ဝက်ဘ်ဆိုက် စာမျက်နှာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က တည်ထောင်ခဲ့ပါတယ်။

SCF ပလက်ဖောင်း တည်ထောင်ခဲ့ပြီး တနှစ်အတွင်းမှာ တော်လှန်ရေးအတွက် မြန်မာငွေ ကျပ်သိန်းပေါင်း ၃၇,၀၀၀ ကျော် ရရှိစီးဆင်းနိုင်ခဲ့တယ်လို့လည်း အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းငလျင်တုန်းကလည်း SCF ပလက်ဖောင်းကနေ ကမ်ပိန်းပြုလုပ်ခဲ့ရာမှာ ကျပ်သိန်းပေါင်း ၁၆,၀၀၀ ကျော်အထိ ရရှိခဲ့ပြီး ငလျင်ဘေးသင့်ဒေသတွေကို အကူအညီတွေ ပေးပို့နိုင်ခဲ့ပါတယ်။

SCF ပလက်ဖောင်းက ဦးဆောင်ကျင်းပတဲ့ ကမ်ပိန်းတွေက ရရှိတဲ့ ငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားစာနာ ဝန်ကြီးဌာနကတဆင့် မြေပြင်က အကူအညီ လိုအပ်နေသူတွေဆီကို တိုက်ရိုက် စီးဆင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

SCF ပလက်ဖောင်းဟာ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ အလှူကမ်ပိန်းများစွာကို တနေရာတည်းမှာ စုစည်းပေးထားပြီး တနှစ်တာအတွင်းမှာ ပြည်သူတွေရဲ့ ယုံကြည်မှုကြောင့် ဝင်ရောက်လှူဒါန်းသူတွေလည်း များလာတယ်လို့ SCF အဖွဲ့ခေါင်းဆောင် အမ်မလီယာက ပြောပါတယ်။

“ဒီပလက်ဖောင်းက ရည်ရွယ်ချက်ကိုက လိုအပ်နေတဲ့ နေရာတွေကို များများရောက်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဒီတနှစ်အတွင်းမှာ လူတွေရဲ့ ယုံကြည်မှု ထောက်ပို့ပြည်သူတွေရဲ့ ယုံကြည်မှု လိုတာထက်ပိုပြီး‌တော့ ရလာတယ်။ ယုံကြည်မှုရလာလေလေ SCF ပလက်ဖောင်းကို အသုံးပြုသူများလာတယ်။ ကမ်ပိန်းတွေရဲ့ တားဂတ်တွေကလည်း အားပြည့်လာတယ်။”

SCF က ရရှိတဲ့ ဝင်ငွေတွေဟာ ရှေ့တန်းက တော်လှန်ရေးရဲဘော်တွေရဲ့ ရိက္ခာ၊ ဆေးဝါး၊ ကျည်ကာနဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးရုံ၊ ဆေးခန်း၊ အောက်စီဂျင်စက်တွေ အဖြစ် မြေပြင်ကို စီးဆင်းထောက်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

SCF ပလက်ဖောင်းဟာ စတင်ခဲ့တုန်းက နွေဦးဘဏ် SDB ကနေ မြန်မာကျပ်ငွေနဲ့သာ လှူဒါန်းနိုင်ပြီး ဒီနှစ်အတွင်းမှာတော့ နွေဦးဘဏ် SDB မှာရှိတဲ့ နိုင်ငံတကာငွေကြေးတွေနဲ့ ပါဝင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

SCF ပလက်ဖောင်း ရှိနေတဲ့အတွက် တော်လှန်ရေးကို ထောက်ပို့ချင်ပြီး လုံခြုံရေး စိုးရိမ်နေသူတွေအတွက်လည်း လုံခြုံစိတ်ချစွာ ပါဝင်ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။

SCF ပလက်ဖောင်းမှာ ပြည်သူတွေ ပါဝင်ထောက်ပံ့နေတာကို ကြည့်ချင်းအားဖြင့် တော်လှန်ရေးကာလ အချိန်ကြာမြင့်လာပေမဲ့ ပြည်သူတွေရဲ့‌ ထောက်ပို့အားကတော့ မလျော့သေးတာကို မြင်ရတယ်လို့ SCF အဖွဲ့ရဲ့ အကြံပေး ကိုမင်းကွန်းက ပြောပါတယ်။

“ဒီတော်လှန်ရေးကို ပြည်သူလူထုအားလုံးရဲ့ စုပေါင်းအားနဲ့ပဲ ကျနော်တို့ စတင်ခဲ့တယ်။ စုပေါင်းအားနဲ့ပဲ အဆုံးသတ်ဖို့ မျှော်လင့်ထားတယ်။ အားလုံး အတူတူ ကြိုးစားသွားကြမယ်။ တော်လှန်ရေးက ဘယ်လောက်ကြာမလဲဆိုတာ ကျနော်တို့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး၊ ဒီတော်လှန်ရေးက ဒီတကြိမ်မှာ အပြတ်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ကသာ အဓိကဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးကြာခြင်း မကြာခြင်းကို ရေတွက်နေမှာ မဟုတ်ဘူး။”

တည်ထောင်ခဲ့တဲ့ တနှစ်တာလုံး SCF ပလက်ဖောင်းမှာ ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းတွေ အားလုံးကို အခမဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်းမှာတော့ ပလက်ဖောင်း အသုံးပြုခကို ကမ်ပိန်း owner တွေဆီကနေ ပမာဏတခု သတ်မှတ်ပြီး ကောက်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013