Home
မြန်မာသတင်း
နွေဦးဘဏ် SDB က နွေဦးလူထုရန်ပုံငွေ ဝက်ဘ်ဆိုက် မိတ်ဆက်
DVB
·
March 6, 2025

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ရဲ့ ပြည်သူကနေ ပြည်သူဆီ ထောက်ပံ့လှူဒါန်းနိုင်ဖို့ Spring Crowd Fund (နွေဦးလူထုရန်ပုံငွေ) ဆိုတဲ့ ဝက်ဘ်ဆိုက်ကို စတင် မိတ်ဆက်လိုက်ပါတယ်။

စစ်ကောင်စီက ဖျက်ဆီးထားတဲ့ ပြည်သူလူထုရဲ့ဘဝတွေ အိုးအိမ်တွေကို ပြန်လည်ထူထောင်နိုင်ဖို့နဲ့ တော်လှန်ရေးကို အဆုံးသတ်နိုင်ဖို့အတွက် ပရောဂျက်ပေါင်းများစွာကို ပြည်သူမှ ပြည်သူဆီကို ထောက်ပံ့နိုင်ဖို့ SDB ဘဏ်အဖွဲ့သားတွေက Spring Crowd Fund ဆိုတဲ့ နွေဦးလူထုရန်ပုံငွေ ရှာတဲ့ ဝက်ဘ်ဆိုက် စာမျက်နှာကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နွေဦးလူထုရန်ပုံငွေ အဖွဲ့ခေါင်းဆောင် အမ်မလီယာက “တော်လှန်ရေးကာလမှာ အချိန်နဲ့အမျှ ရန်ပုံငွေ ထောက်ပို့တွေက လိုအပ်လာတယ်။ အဲဒီအချိန်မှာ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ လူတွေရဲ့ awareness က နည်းလာတယ်ပေါ့နော်။ တချို့တွေကျတော့လည်း ဖေ့စ်ဘွတ်ခ်ကို လိုအပ်တာထက် ပိုမသုံးတော့တာတို့၊ သို့မဟုတ်လည်း ဆိုရှယ်မီဒီယာကို အားနည်းနေတဲ့ လူတစုလည်း ရှိရင်လည်း ရှိမှာပေါ့နော်။ အဲ့အတွက် သူတို့ဆီကို information က မရောက်ဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ Spring Crowd Fund ဆိုတဲ့ဟာကို စဉ်းစားတဲ့အခါမှာ ပလက်ဖောင်းတခုပေါ်မှာ ထောက်ပို့နိုင်တဲ့ ကမ်ပိန်းတွေကို တနေရာတည်းမှာ တွေ့ရမယ်ဆိုရင်၊ အဲဒီအတွက်ကြောင့်မို့ ပလက်ဖောင်းတခုတည်းမှာ payment system တခုနဲ့ Donors တွေအကုန်လုံးက ကမ်ပိန်းတွေကို လှူချင် ထောက်ပံ့ချင်တဲ့ ကမ်ပိန်းတွေကို သင့်လျော်သလို ထောက်ပံ့ပေးသွားနိုင်တယ်ပေါ့နော်။ အဲဒီလိုရည်ရွယ်ချက်နဲ့ပဲ ကမ်ပိန်းတွေကို များများ reach ရောက်စေချင်တယ်။ လူများများ သိစေချင်တယ်။ အလှူငွေတွေကို လိုတာထက် ပိုရစေချင်တယ်၊ ဒါမျိုးတွေ ရည်ရွယ်ချက်နဲ့ SCF ကို စတင်ဆွေးနွေးခဲ့ကြတယ်။ အခုတော့ ရုပ်လုံးလေး ပေါ်လာပြီးတော့ first phase launch လေးကို လုပ်နိုင်ခဲ့တယ်ပေါ့နော်။”

နွေဦးလူထုရန်ပုံငွေ SCF အစီအစဉ်ကတော့ springcrowdfund.org ဆိုတဲ့ ဝက်ဘ်ဆိုက်ထဲမှာ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ အလှူကမ်ပိန်းများစွာကို တနေရာတည်းမှာ စုစည်းပေးထားတာဖြစ်ပြီး SDB ဘဏ်ရဲ့ ငွေလွှဲစနစ်ကို အသုံးပြုထားတာ ဖြစ်သလို အခမဲ့ အသုံးပြုနိုင်တဲ့ ပလက်ဖောင်းလည်း ဖြစ်ပါတယ်။

SCF အနေနဲ့ SCF ပလက်ဖောင်းကို အသုံးပြုပြီး ကမ်ပိန်းလာတင်တဲ့သူတွေကို သေချာစိစစ် ရွေးချယ်ထားတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

SCF ပလက်ဖောင်းကနေတဆင့် ကမ်ပိန်းတင်ထားတဲ့ ပြည်သူ့ဆေးရုံကား ကမ်ပိန်းကတော့ CRPH ရဲ့ OFP-Official Fundraising Network နဲ့ လှုပ်ရှားနေတဲ့ Support for Myanmar from Australia & Singapore အဖွဲ့က စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

ဒီကမ်ပိန်းကတော့ KA စနိုက်ပါအဖွဲ့ရဲ့ ဆေးတပ်သားအဖွဲ့ကို ဆေးရုံကားတစီးနဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆေးရုံတခုအတွက် ဆေးရုံကား ၂ စီးကို လှူဒါန်းသွားမယ့် ကမ်ပိန်းလေးလည်း ဖြစ်ပါတယ်။

OFP-Official Fundraising Network အဖွဲ့ဝင်တယောက်က “တခွန်းတည်းပြောရရင် အရမ်း‌အဆင်ပြေပါတယ်။ ကောင်းတယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးမှာက လှူတဲ့သူတွေ လွယ်လွယ်ကူကူ လှူလို့ရဖို့ အဆင်ပြေဖို့ အရေးကြီးတယ်လေ၊ အဲ့တော့မှလည်း လှူလို့ရမှာကိုး။ ဒီ Spring Crowd Fund က SDB အကောင့်ရှိတဲ့သူတိုင်း လွယ်လွယ်ကူကူ လှူလို့ရတယ်။ နောက်ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေက စကစရဲ့ ငွေဝင်ပေါက်တွေ၊ သူ့ရဲ့ ယန္တရားတွေကို ဖြိုခွင်းဖို့က ကျနော်တို့ NUG pay တို့ SDB တို့ ဆိုတာကလည်း အရမ်းကို အားကောင်းတဲ့ ယန္တရားတခုပေါ့နော်။ ဆိုတော့ တချက်ခုတ်၊ နှစ်ချက်ပြတ်ပေါ့နော်။ ဒီ စကစရဲ့ ငွေကြေးယန္တရားကိုလည်း ရှောင်လို့ရတယ်။ တော်လှန်ရေးဘက်မှာ ရှိတဲ့ ငွေကြေးလည်ပတ်မှုဖြစ်တဲ့ NUG pay နဲ့ SDB ကို အားကောင်းအောင် လုပ်ပေးလို့ရတယ်။ နောက်ပြီးတော့ funding လည်း ရတယ်ဆိုတော့ ကျနော်တို့က Spring Crowd Fund က အားကောင်းလာမယ်လို့တော့ မြင်ပါတယ်”လို့ ပြောပါတယ်။

နွေဦးလူထုရန်ပုံငွေ SCF ကို ဇန်နဝါရီ ၃၁ ရက်က စတင်ခဲ့တာဖြစ်ပါတယ်။ SCF ရဲ့ ဝက်ဘ်ဆိုက်ထဲကနေ SDB ဘဏ်အကောင့်ကို အသုံးပြုပြီး လှူဒါန်းတဲ့အခါ လက်ရှိအခြေအနေမှာတော့ မြန်မာငွေကျပ်နဲ့သာ လှူဒါန်းနိုင်သေးတာဖြစ်ပြီး မကြာခင်မှာ နိုင်ငံတကာ ငွေကြေးမျိုးစုံနဲ့ လှူဒါန်းနိုင်အောင်နဲ့ Visa Master ကတ်တွေနဲ့ ရနိုင်အောင်အထိ ချိတ်ဆက် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013