
ရခိုင်ပြည်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမှာ ဇန်နဝါရီ ၂၄ ရက်က မြောက်ဦးခေတ်က သုံးစွဲခဲ့တဲ့ ရွှေပုရပိုက်တခု၊ ကျောက်စိမ်း တတုံး၊ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေအပိုင်းအစတချို့နဲ့ ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာနဲ့ နရပတိကြီး အမည်ပါ ငွေဒင်္ဂါး ၁၅၀ ကျော်တို့ကို တူးဖော်ရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက ကျောင်းသား ၂ ယောက် ဘောလုံးဆော့ကစားရာကနေ ရှေးခေတ် ရတနာပစ္စည်းတချို့ကို တွေ့ရှိခဲ့တာဖြစ်ပြီး တူးဖော်ခဲ့ကြတာလို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကလေး ၂ ဦး ဘောလုံးဆော့ကစားရာကနေ မြေမှာမြုပ်ပြီးတွေ့တာလို့ သိရတယ်။ တူးဖော်ရရှိတာမှာတော့ ရွှေပုရပိုက်တခု၊ ကျောက်စိတ် တတုံး၊ ရွှေလက်စွပ် ၃ ကွင်းနဲ့ ရွှေထည်အချို့ ပါတယ်။ နောက် မြောက်ဦးခေတ်သုံး ငွေဒင်္ဂါးပြား ၁၅၀ ကျော်ကို တူးဖော်ရရှိထားတယ်။ ရှေးဟောင်းပစ္စည်းတွေကိုတော့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက ထိန်းသိမ်းထားတယ်လို့ သိရတယ်။ တွေ့ရှိသူတွေကိုလည်း AA ဆုငွေတွေ ပေးမယ်လို့တော့ ကြားတယ်။”
တူးဖော်ရရှိတဲ့ ဒင်္ဂါးပြားတွေဟာ ငွေသားအစစ်နဲ့ သွန်းလုပ်ထားတဲ့ မြောက်ဦးခေတ်သုံး ရခိုင် သက္ကရာဇ် (၁၀၃၄) စန္ဒသုဓမ္မရာဇာ လက်ထက်နဲ့ သက္ကရာဇ် (၁၀၀၀) ရခိုင်ဘုရင် နရပတိကြီး လက်ထက်မှာ သုံးစွဲခဲ့တဲ့ ငွေဒင်္ဂါးတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ကျောက်တော်မဟာမုနိကျောင်းအတွင်းက မြောက်ဦးခေတ်က သွန်းလုပ်ထားတဲ့ ရှေးဟောင်း ယတြာခေါင်းလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အာရက္ခပြည်သူ့အစိုးရရဲ့ ရှေးဟောင်းသုတေသနနှင့် အမွေအနှစ်ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းထားပါတယ်။
ရခိုင်မှာ ရှေးခေတ်ရတနာတွေ နေရာအနှံ့ ရှိနေဆဲဖြစ်နိုင်တဲ့အတွက် ရှာဖွေတွေ့ရှိရင် အာဏာပိုင်တွေထံ ဆက်သွယ်အပ်နှံသင့်တယ်လို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသူတွေက တိုက်တွန်းပါတယ်။


