
အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ကို မန္တလေးတိုင်း ၈ မြို့နယ်မှာ ကျင်းပနေတာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲရုံတွေကို လိုက်လံ ကြည့်ရှုခဲ့ပါတယ်။
မြစ်သား၊ ချမ်းမြသာစည်၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ သပိတ်ကျင်းနဲ့ ပုသိမ်ကြီးမြို့နယ် တို့မှာ ရွေးကောက်ပွဲကျင်းပနေတာဖြစ်ပြီး မန္တလေးမြို့ပေါ်က ချမ်းမြသာစည်မြို့နယ်ကိုတော့ စစ်ခေါင်းဆောင်ရောက်ရှိနေပြီး မဲရုံတွေကို လိုက်လံကြည့်ရှုခဲ့တာဖြစ်ပါတယ်။
ချမ်းမြသာစည်မြို့နယ်မှာ မဲပေးသူ သိသိသာသာ နည်းပါးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မဲရုံစဖွင့်ကတည်းက မဲလာပေးဖို့ အသံချဲ့စက်နဲ့ ဆော်ဩမှုတွေ တောက်လျှောက် လုပ်နေခဲ့တယ်လို့လည်း သိရပါတယ်။
ချမ်းမြသာစည်မြို့နယ် ဒေသခံတယောက်က “မနက်ခင်းကတည်းက လူတွေက မဲရုံမလာတော့ အစောကြီး မိုက်နဲ့ ၁၀ ခါမကဘူး လှမ်းလှမ်းအော်နေတာလေ၊ အလုပ်မသွားခင် မဲလာပေးကြဖို့ရာ၊ မဲပုံးတွေ ရောက်ပြီဆိုတဲ့ အကြောင်းပေါ့၊ မဲပေးဖို့ရာ မိုက်ကြီးနဲ့ အမြဲတန်း အော်နေတာ၊ မဲက သိပ်စိတ်မဝင်စားကြဘူးလေ၊ မဲရုံတွေကနေ မိုက်နဲ့ လှမ်းလှမ်းအော်နေတာ၊ ရွေးကောက်ပွဲရယ်လို့တောင် မသိကြဘူး၊ ဂရုလည်း မစိုက်ကြဘူး။ ၅ နာရီ ၆ နာရီကတည်းက မဲပေးကြဖို့ အော်နေတာ အခုချိန်ထိပဲ” လို့ ပြောပါတယ်။
အခုလို မဲပေးသူတွေ နည်းပါးနေခဲ့ပြီး ချမ်းမြသာစည်ကို ရောက်နေတဲ့ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်ပြုတာ မပြုတာထက် လူထုမဲပေးတာကို အသိအမှတ်ပြုတယ်လို့ ဆိုပြီး သတင်းထောက်တွေ မေးမြန်းချိန် ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ မန္တလေးတိုင်း ၈ မြို့နယ်မှာ ချမ်းမြသာစည်၊ ပုသိမ်ကြီးနဲ့ မြစ်သားမှာပဲ ရပ်ကွက်၊ ကျေးရွာတွေ အားလုံးမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ နယ်မြေမစိုးမိုးနိုင်လို့ နယ်မြေရဲ့ ၅ ပုံ တပုံလောက်မှာသာ ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
သပိတ်ကျင်းမြို့နယ်မှာတော့ သပိတ်ကျင်းမြို့ရဲ့ တောင်ဘက်ခြမ်း၊ သပိတ်ကျင်း-စဉ့်ကူး-မန္တလေး ကားလမ်းတလျှောက် မြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို စစ်အုပ်စု ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ တကောင်းမြို့ အပါအဝင် သပိတ်ကျင်းနယ် မြောက်ဘက်ခြမ်း၊ မြို့နယ်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်တွေက ဆက်လက်သိမ်းပိုက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ဒီသပိတ်ကျင်းမြို့နယ်မှာ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်သူသူဝင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
မြတ်သဇင်


