အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ ရန်ကုန်တိုင်း ၁၆ မြို့နယ်မှာကျင်းပနေတာမှာ ရန်ကုန်မြို့လယ် လသာမြို့နယ်နဲ့ ပန်းဘဲတန်းမြို့နယ်မှာတော့ ဆန္ဒမဲပေးတဲ့ ပြည်သူအရေအတွက် အတော်လေးနည်းပါးနေတာ တွေ့ရပါတယ်။
လသာမြို့နယ်မှာ မနက် ၁၁ နာရီအထိ မဲလာပေးသူ ၄၀၀ နီးပါးသာရှိပြီး မဲပေးဖို့ လသာမြိုနယ်ထဲက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တိုက်ခန်းတွေကို လိုက်လံနှိုးဆော်နေပေမဲ့ မဲပေးသူနည်းပါးတယ်လို့ မဲသွားပေးသူ တယောက်က DVB ကို ပြောပါတယ်။
"အတော်များများ မဲလာမပေးကြဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်မဲရုံတွေကို လိုက် ကြည့်နေတာရှိတယ်။ ဒေါ်စန္ဒာမင်းတောင် လာကြည့်တာတွေ့တယ်။ အုပ်ချုပ်ရေးကလည်း မဲပေးဖို့ လိုက်အော်နေတယ်။ ဒါပေမဲ့ ၁၁ နာရီအထိမဲပေးတဲ့သူနည်းတယ်။”
ပန်းဘဲတန်းမြို့နယ်မှာတော့ နေ့လယ် ၁၂ နာရီ အထိ မဲပေးသူဦးရေ ၁၀၀၀ ဝန်းကျင်သာရှိ ပြီး မဲရုံအနီး ရဲတွေ၊ အရပ်ဝတ်နဲ့ စစ်ထောက်လှမ်းရေးတွေအပြင် ပြည်သူ့စစ်တွေကိုပါ လုံခြုံရေးအပြည့်အဝယူထားတာတွေ့ရပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဒီကနေ့ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ မြောက်ဒဂုံ၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး ၊တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်တို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းမြို့အစွန်တွေဖြစ်တဲ့ ထန်းတပင်၊ လှည်းကူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့ မတိုင်မီကတည်းက မဲပေးမဲ့ သူတွေကို စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေးဆင့်ခေါ်ထားလို့ မဲသွားပေးကြရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မှာ ရွေးကောက်ပွဲပထမပိုင်းကို ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲ တတိယပိုင်းကို ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်း ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မင်္ဂလာတောင်ညွန်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။








