
ဥရောပစစ်သားတွေဟာ ဂရင်းလန်းရဲ့မြို့တော် နူခ်က စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တယ်လို့ ဒိန်းမတ် လက်နက်ကိုင်တပ်ဖွဲ့တွေကပြောပြီး ဇန်နဝါရီ ၁၆ ရက်မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်၊ နော်ဝေး၊ ဗြိတိန်နဲ့ ဆွီဒင်နိုင်ငံတို့က စစ်သားတွေဟာ ဒိန်းမတ်ဗိုလ်ချုပ် ဆိုရန် အန်ဒါဆန်နဲ့ တွေ့ဆုံခဲ့ပြီး ဂရင်းလန်းရဲ့ အာတိတ်ကွပ်ကဲမှု ပူးတွဲအစီအစဉ်အကြောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ လူမှုမီဒီယာပေါ်မှာ ကြေညာထားပါတယ်။
ဂရင်းလန်းကျွန်းပေါ်က ဒိန်းမတ်နိုင်ငံရဲ့ ပူးတွဲအာတိတ်ကွပ်ကဲမှုအစီအစဉ်ဟာ အမေရိကန်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့မဟုတ်ဘဲ ရုရှားရဲ့ အလားအလာရှိတဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ အာရုံစိုက်နေတယ်လို့ အန်ဒါဆန်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းဟာ အမေရိကန်လုံခြုံရေးအတွက် အရေးကြီးတယ်လို့ အကြိမ်ကြိမ် ထုတ်ပြောထားပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့ အင်အားသုံးရေးကို ပယ်ချဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပနိုင်ငံတွေဟာ နေတိုးစစ်ရေးလေ့ကျင့်မှုအတွက် ပြင်ဆင်တဲ့အနေနဲ့ အခုအပတ်မှာ ဂရင်းလန်း ဆီကို စစ်ဘက်ဝန်ထမ်း နည်းနည်းစေလွှတ်ခဲ့ပါတယ်။
အာတိတ်ကွပ်ကဲရေးဌာနဟာ အခုနှစ်ဆောင်းရာသီ အခြေအနေတွေအတွင်း တပ်ဖွဲ့တွေကို စမ်းသပ်မယ့် အာတိတ်ခံနိုင်ရည်ရှိမှုမှာ ပါဝင်လေ့ကျင့်ဖို့ အမေရိကန်ကို ဖိတ်ကြားခဲ့ပါတယ်။
ဂရင်းလန်းနဲ့ ဖာရိုးကျွန်းစုတွေတဝိုက် ကာကွယ်ရေးအတွက်တာဝန်ရှိတဲ့ ဒိန်းမတ်ရဲ့ ပူးတွဲအာတိတ်ကွပ်ကဲရေးဌာနဟာ ကင်းလှည့်ရေယာဉ်တွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဂြိုဟ်တုနည်းပညာတွေကိုသုံးပြီး စောင့်ကြည့်ခြင်းနဲ့ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေကို ဆောင်ရွက်နေပါတယ်။
အာတိတ်ဒေသက အဝေးပြေးစစ်ဆင်ရေးတွေအတွက် စီးရီးယပ်စ် ခွေးတပ် စွပ်ဖားလှည်းတွေနဲ့ ကင်းလှည့်တဲ့နည်းလမ်းကိုလည်း သုံးခဲ့ပါတယ်။
Source: Reuters


