
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံကနေ မဘသ ဆရာတော်တွေအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဇန်နဝါရီ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒါဟာ မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားအောင် လှုံ့ဆော်ရုံမက မိမိတို့ နိုင်ငံတော်ကြီးအပေါ် ဂုဏ်သိက္ခာကျဆင်းအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတာလို့ ဖော်ပြပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုအတွက် လျှောက်လဲရာမှာ သီတဂူဆရာတော်နဲ့ ဦးဝီရသူရဲ့ လူမျိုးရေးခွဲခြားတဲ့ ဟောကြားချက်တွေကို လည်း တရားရုံးမှာ အထောက်အထားနဲ့ ပြောဆိုသွားခဲ့တာပါ။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ကတော့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာက ပုဂ္ဂိုလ်တဦးတယောက်ကို စွဲဆိုထားတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ အမှုဖြစ်တဲ့အတွက် ရဟန်းရှင်လူ ပြည်သူအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေနဲ့ OIC အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် အလုံးစုံပျက်သုံးရေး ကို ဦးတည်ပြီး မီဒီယာတွေကို ငွေအားသုံးပြီးတော့ အစဉ်အမြဲ မဟုတ်မမှန် လုပ်ကြံ ဇာတ်တွေဖန်တီးကာ မြန်မာနိုင်ငံရေးရှုပ်ထွေးအောင် သွေးထိုး မြှောက်ပင့်နေသလို ဂမ်ဘီယာဘက်က တင်သွင်းတဲ့ သက်သေအထောက်အထားတွေမှာ သီတဂူဆရာတော်နဲ့ ဦးဝီရသူတို့ကိုပါ အစွန်းရောက်တံဆိပ်ကပ်ပြောဆိုတာနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။
တရားရုံးကြားနာပွဲကိုတော့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ သီတင်း ၂ ပတ်ကျော်ကြာ ပြုလုပ်နေတာမှာ ဂမ်ဘီယာဘက်က အရင်လျှောက်လဲနေပြီး မြန်မာနိုင်ငံဘက်ကတော့ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရမှာ ဖြစ်ပါတယ်။
တရားရုံးကြားနာပွဲကိုတော့ စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီးဌာန-၂ ပြည်ထောင်စုဝန် ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့အဖွဲ့က တက်ရောက်နေကြပါတယ်။
ကနဦးကြားနာပွဲမှာတော့ ဂမ်ဘီယာဘက်က အစိုးရကိုယ်စားလှယ် တရားရေးဝန်ကြီး၊ ရှေ့နေနဲ့ ပညာရှင်တွေက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက် မြောက်တဲ့အကြောင်း အခိုင်အမာ အထောက်အ ထားတွေနဲ့ လျှောက်လဲ တင်ပြသွားခဲ့ပါတယ်။
အထူးသဖြင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်နုကျေးရွာတွေမှာ အမျိုးသမီးနဲ့ ကလေးတွေကို ပစ်ခတ်သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ အရှင်လိုက် မီးရှို့သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အချက်အလက်တွေကို ကိုး ကားပြီးလည်း လျှောက်လဲသွားခဲ့ပါတယ်။


