Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းအလိုမရှိကြောင်း  မြစ်ကြီးနားမြို့ခံများ ဆန္ဒပြ 
DVB
·
January 10, 2026

မြစ်ဆုံစီမံကိန်းအလိုမရှိကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံတွေက ဇန်နဝါရီ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ ၇၈ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ကချင်ပြည်နယ်ရဲ့ သမိုင်းဝင်မြစ်ဆုံ ပျောက်ကွယ်သွားလို့ မဖြစ်တာကြောင့် ကချင်ပြည်နယ်အစိုးရကနေ သက်ဆိုင်ရာကို ပြောဆိုတားဆီးပေးနိုင်ဖို့ ဆန္ဒပြတောင်းဆိုတာလို့ ပါဝင်သူတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ကမ်းမှာ နေထိုင်ကြတဲ့ဒေသခံတွေက  "မြစ်ဆုံကိုကာကွယ်ပါ၊ ဧရာဝတီကို ကာကွယ်ပါ၊ ပြည်သူ့အသံကိုနားထောင်ပါ မြစ်ဆုံစီမံကိန်းရပ်ပါ၊ တို့ဧရာဝတီကို ဒို့ချစ်တယ်၊ အသက်ပေါင်းများစွာကယ်တင်ဖို့ မြစ်ချောင်းအင်းအိုင်ဖျက်ဆီးမှုကို တားဆီးစို့၊ မြစ်ဆုံစီမံကိန်းအလိုမရှိ” စတဲ့ စာတမ်းတွေ ရေးသားဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီက မြစ်ဆုံစီမံကိန်းကို  ပြန်လည်စတင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းရဲ့ ဒီဇင်ဘာ ၁၆ ရက် ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်း  ပြန်လည်စတင်ဖို့ ဆည်ရဲ့ ဒီဇိုင်းကို တရုတ်နဲ့ ညှိနှိုင်းနေပြီလို ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ တရုတ်ခရီးစဉ်မှာလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တာဟာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ရတာကြောင့်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဝန်းကျင်ကုန်ကျမဲ့ ဒီမြစ်ဆုံစီမံကိန်းကို အစပိုင်းက တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း-CPI (လက်ရှိ State Power Investment Corporation – SPIC)၊ မြန်မာနိုင်ငံအစိုးရနဲ့ Asia World ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ဖို့ လျာထားခဲ့တာဖြစ်ပြီး ထုတ်လုပ်မဲ့ လျှပ်စစ်ဓာတ်အားတွေအား တရုတ်နိုင်ငံကို အဓိက တင်ပို့မှာပါ။

ဒီစီမံကိန်းဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ လက်ထက်က မြေခနဲ့မလိခ ဆုံတဲ့ မြစ်ဆုံနေရာမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါးကုန်ကျပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ ကျော် ထုတ်လုပ်နိုင်မဲ့ ရေကာတာ ၇ ခုကို ဆောက်ဖို့ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (SCPI) နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ၂၀၀၆ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) လောက်သာ ဝေးတာကြောင့် ငလျင်လှုပ်ခဲ့ရင် ရေကာတာပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေပြီး ပြိုကျခဲ့ရင်တော့ မြစ်ကြီးနားမြိုဟာ ရေလွှမ်းမိုးနိုင်တယ်လို အစီရင်ခံတွေက ဆိုထားတယ်။

ဒါ့အပြင် မြစ်ဆုံဆည်တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက် ဇီဝမျိုးစိတ်တွေရဲ့ အသက်ရှင်မှုအပါအဝင် ပြောင်းလဲမှုမျိုးစုံဖြစ်လာနိုင်တာကြောင့် ဧရာဝတီကို မှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝတွေဟာလည်း ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို ခန့်မှန်းထားကြပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခု စက်တင်ဘာက ရပ်နားခဲ့တာ ၁၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဒီမြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲ၊ အောင်ဂျာယာန်၊ ဒေါင်ပန်၊ လဖျဲ့ကထောင်နဲ့ မလိဇွပ် စတဲ့ ကျေးရွာ ၅ ရွာလောက် ၁၀ စုနှစ်တခုကျော်ကြာ ရွှေ့ပြောင်းခံခဲ့ရပြီး အောင်မြင်သာကျေးရွာနဲ့ မလိယန်ကျေးရွာသစ်တို့မှာ နေရာချခဲ့ပေးခဲ့တယ်။

၂၀၀၉ ခုနှစ်က မေခမြစ်ပေါ်မှာ မဂ္ဂါဝပ် ၂၀၀၀ ထုတ်မဲ့ ချီဖွေတမံ တည်ဆောက်တုန်းကဆိုရင် ဒေသခံ ၁၅,၀၀၀ ကျော်ကို ၂ လအတွင်း အတင်းအဓမ္မပြောင်းရွှေ့စေခဲ့ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်း ပြန်စဖို့ ကြိုးပမ်းနေမှုအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အနေနဲ့ လူထုသဘော ဆန္ဒအတိုင်းသာ ရပ်တည်မှာဖြစ်တယ်လို့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013