
ကယန်းအမျိုးသားတပ်မတော် (KNA) က ဗဟိုဌာနချုပ်ဖွင့်ပွဲနဲ့ တပ်ရင်းအသစ်တိုးချဲ့တာတွေကို ကယန်းဒေသတနေရာမှာ မနေ့က ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းက ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
KNA ကို ၂၀၂၄ ခု အောက်တိုဘာ ၂၉ ရက်နေ့မှာ တပ်ရင်း ၈ ရင်းနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ခုလက်ရှိမှာတော့ တပ်ရင်း ၁၃ ရင်းအထိ တိုးချဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
KNA ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက “အသစ်ဖွဲ့စည်းထားတဲ့ တပ်ရင်း ၂ ရင်းက ဒီးမော့ဆိုဒေသလို့ ပြောရမှာပေါ့နော်။ ကယန်းလူမျိုးအများစုဖြစ်တယ်၊ တခြား လူမျိုးခြားတွေလည်း တချို့ပါဝင်ထားတာရှိတယ်။ သူတို့လည်း စိတ်အားထက်သန်တာရှိတော့ ကျနော်တို့လည်း တည်ထောင်ခွင့်ပေးလိုက်တာပေါ့နော်။ လက်နက်တချို့နဲ့ စစ်ဝတ်တန်ဆာတချို့ တပ်ဆင်ပေးလိုက်တာပေါ့နော်” လို့ ပြောပါတယ်။
အသစ်ဖွဲ့စည်းလိုက်တာက တပ်ရင်းအမှတ် ၂၁၁၄ နဲ့ ၂၁၁၅ ကို တိုးချဲ့ဖွဲ့စည်းတာလို့ ပြောပါတယ်။ ရုံးဖွင့်ပွဲမှာ KNA ထောက်ပို့ကိုယ်စားလှယ် ဗိုလ်အိုက်ဆန်းနဲ့ ခွန်းအက်ဒွက်က 4 wheel ကားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေအတွက် ငွေကျပ်သိန်း ၂၂၀ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖွင့်ပွဲမှာ KNA ရဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီဝင်၊ စစ်ဘက်ဆိုင်ရာ စစ်ဦးစီးမှူး၊ ဒုစစ်ဦးစီးမှူး၊ တပ်ဗိုလ်တပ်မှူးတွေ၊ တပ်သားသစ်တွေနဲ့ ထောက်ပို့ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ခုလက်ရှိမှာတော့ တခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ မြေပြင်မှာ ပူးပေါင်းလုပ်ဆောင်တာတွေရှိတယ်လို့ ဆိုပါတယ်။


