Home
မြန်မာသတင်း
ဂျပန်ဘာသာသင်တန်းကျောင်းအချို့ တရားမဝင် လုပ်သားစုဆောင်းနေ 
DVB
·
January 3, 2026

ဘာသာစကားသင်တန်းကျောင်းအချို့က ဂျပန်နိုင်ငံ သွားရောက်လုပ်ကိုင်လိုသူတွေကို မက်လုံးပေး ဆွဲဆောင်ကာ လိမ်လည်လူစုဆောင်းတာတွေ ဆက်ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုက်အဝန်းဆီက သိရပါတယ်။

ပြည်ပကိုသွားမဲ့ အလုပ်သမားတွေအား ကြိုတင်စုဆောင်းတာကို သက်ဆိုင်ရာက တား မြစ်ထားပေမဲ့ သင်တန်းကျောင်းအချို့က Tik Tok လူမှုကွန်ရက်ကနေ ဂျပန်သွားချင်တဲ့ အလုပ်သမားတွေကို စည်းရုံးပြီး ပွဲစားနဲ့ချိတ်ပေးကာ အကျိုးအမြတ်ယူနေတာလို့ ဆိုပါတယ်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) တာဝန်ရှိသူ တယောက်က “ဂျပန်အလုပ်အကိုင် ငွေလိမ်လည်တဲ့ ဖြစ်စဥ်ကြီး ရှိနေတာတောင် တချို့သင်တန်းကျောင်းတွေက အရှိန်မတန့်သွားဘူး၊ ဆက်ပြီးကြော်ငြာနေကြတုန်းပဲ။ ထိရောက်တဲ့ အရေးယူတာမျိုးမရှိတော့ မကြောက်ကြဘူး” လို့ ပြောပါတယ်။

မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ ဆုလာဘ်မြင့်မိုအေဂျင်စီက ဂျပန်သွားမဲ့ အလုပ်သမားတွေဆီက ငွေလိမ်လည်တဲ့ ဖြစ်စဥ်မှာလည်း နာမည်ကြီး ဂျပန်ဘာသာသင်တန်းကျောင်းအချို့ ပါဝင်ပတ်သက်မှုရှိခဲ့ပြီး အဲဒီသင်တန်းကျောင်းတွေရဲ့ လမ်းညွန်ချိတ်ဆက်မှုကြောင့် ငွေလိမ်ခံရသူ ရာချီရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆုလာဘ်မြင့်မိုအေဂျင်စီရဲ့ ငွေလိမ်တဲ့အမှုမှ အဓိကဦးဆောင်တဲ့ ဒေါ်ခင်သန္တာကျော်မှာ တိမ်းရှောင်နေပြီး ပါဝင်ပတ်သက်သူအချို့ ဖမ်းဆီးခံထားရတယ်ဆိုပေမဲ့ ဘယ်လိုအရေးယူ ဆောင်ရွက်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ MOEAA တာဝန်ရှိသူက ဆိုပါတယ်။

ဒီလိုလိမ်လည်မှုတွေကို ထိရောက်တဲ့ အရေးယူတာမျိုး မလုပ်တဲ့အတွက် လိမ်လည်မှုတွေက ပိုတိုးလာသလို အချိန်ကြာလာတာနဲ့အမျှ ထိန်းချုပ်ဖို့ ခက်တဲ့အခြေအနေအထိ ရောက်လာတယ်လို့ ဂျပန်ကို အလုပ်သမားတရားဝင်ပို့နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အလုပ်သမားတွေက သွားချင်စိတ်လောပြီး သေချာ မစူးစမ်းမလေ့လာဘဲ အဲလို အလိမ်ခံရတာကတပိုင်း။ တာဝန်ရှိတဲ့သူတွေက ကိုယ်လုပ်ရမဲ့ ဟန့်တားထိန်းချုပ်ဖို့ မလုပ်ဘဲ အလိမ်ခံရသူတွေကိုပဲ အပြစ်တင်နေမှတော့ လိမ်တဲ့သူတွေအကြိုက်ပေါ့၊”

ဂျပန်နိုင်ငံက လုပ်ခလစာ မြင့်မားတဲ့အတွက် မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်ဖို့ ဦးစားပေးရွေးချယ်တဲ့ နိုင်ငံအနေနဲ့ ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်ပကို လုပ်သားစေလွှတ်ခွင့် ကန့်သတ်လိုက်တဲ့အထဲမှာ ဂျပန်နိုင်ငံလည်းပါဝင်ခဲ့ပြီး အေဂျင်စီတခုကို တလမှာ အလုပ်သမား ၁၅ ယောက်ပဲ အလုပ်ခေါ်စာတင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အဲဒီလို အရေအတွက် ကန့်သတ်တာအပြင် စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့ ယောကျ်ားလေးတွေ သွားရောက်ခွင့်ကိုပါ ပိတ်လိုက်တဲ့အတွက် သွားခွင့်ရဦးရေထက် သွားချင်တဲ့သူ အဆများစွာ ကွာဟတာကြောင့်လိမ်လည်မှုတွေကို ပိုဖြစ်လာစေတယ်လို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “တရားဝင်ပို့တဲ့ အေဂျင်စီတွေကြတော့ လွှတ်ချင်သလို လွှတ်မရဘဲ ထိန်းချုပ်ခံထားရတယ်။ လိမ်တဲ့သူတွေက ငွေသောက်သောက်လဲရပြီး စီးပွားတွေဖြစ်လို့ ” လို့ ပြောပါတယ်။

လက်ရှိမှာလည်း လိမ်လည်သူတွေက လိုအပ်တဲ့ အရည်အချင်းသတ်မှတ်မပြည့်မီသေးဘဲ အလွယ်ထွက်ချင်သူ၊ စစ်မှုထမ်း အသက်ထဲ အကျုံးဝင်နေသူတွေကို ပစ်မှတ်ထားကာ ပုံမှန်လမ်းကြောင်းမဟုတ်ဘဲ တာချီလိတ်ကနေ ထိုင်းကိုကူးပြီး အဲဒီကတဆင့် သွားလို့ရတယ်ဆိုတဲ့ စွဲဆောင်မှုနဲ့ အသုံးချနေတာလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက လုပ်ခမြင့်မားသလို ငွေလိမ်ခံရသူတွေအနေနဲ့ တယောက်ကို ကျပ်သိန်း ၁၀၀ ကနေ သိန်း ၂၀၀ အထိ ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013