
K-pop ဂီတအဖွဲ့ BTS ဟာ လာမဲ့ မတ် ၂၀ ရက်မှာ အယ်လ်ဘမ်သစ်နဲ့အတူ ဂီတလောကထဲကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လက “Proof” အယ်လ်ဘမ် ထွက်ရှိပြီးနောက် ၃ နှစ်နဲ့ ၉ လအကြာမှာ အဖွဲ့လိုက်အနေနဲ့ ပထမဆုံး ပြန်လည်ထွက်ရှိလာမဲ့ အယ်လ်ဘမ်ပါ။
ပရိသတ်တွေဆီ ပေးပို့ခဲ့တဲ့ နှစ်သစ်ဆုတောင်း လက်ရေးစာတွေမှာလည်း “၂၀၂၆ ခုနှစ် မတ် ၂၀ ရက်” ဆိုတဲ့ ရက်စွဲကို တံဆိပ်တုံးထုပြီး အရိပ်အမြွက် ပြသခဲ့တာဖြစ်ပါတယ်။
အဲဒီစာတွေထဲမှာ အဖွဲ့ခေါင်းဆောင် RM က “ဒီအချိန်ကို ဘယ်သူထက်မဆို ပိုပြီး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
အဖွဲ့ဝင် Jin ကလည်း “တကိုယ်တော်အနေနဲ့ နှုတ်ဆက်ခဲ့ရာကနေ အခုတော့ အဖွဲ့လိုက်အနေနဲ့ ပြန်လည်နှုတ်ဆက်နိုင်ပါပြီ” လို့ ပြောကြားထားပါတယ်။
အေဂျင်စီဖြစ်တဲ့ BigHit Music ကတော့ အယ်လ်ဘမ်သစ် ထွက်ရှိတာနဲ့အတူ ကမ္ဘာလှည့် ဖျော်ဖြေပွဲကြီးကိုပါ စတင်သွားမယ်လို့ ဇန်နဝါရီ ၁ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
BTS အဖွဲ့ဝင် ၇ ယောက်စလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်မှုထမ်းတာဝန်တွေကို အသီးသီး ထမ်းဆောင်ပြီးစီးခဲ့ကြပြီး ဖြစ်ပါတယ်။


