
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ချောင်းဝအနီးမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်သင်္ဘောတစီးနဲ့ စက်လှေ ၄ စီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောတစီး ပျက်စီးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီမှ ၁၀ နာရီအထိ ၂ နာရီကြာ အပြင်းအထန် တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်သင်္ဘောက ရေလယ်မှာ ကျောက်ချထားချိန် သွားရောက်တိုက်ခိုက်တာပါ။ စစ်သင်္ဘောမှာ အပေါက်တွေဖြစ်ပြီး ပျက်စီးသွားတယ်။ စကစဘက်က ထိခိုက်သေဆုံးမှုတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးတဲ့နောက် ဒဏ်ရာရသူတွေ အပါအဝင် ထိခိုက်သွားတဲ့ စစ်သင်္ဘောကို စက်လှေကြီး ၂ စီးနဲ့ ကော့သောင်းဘက်ကို ပြန်လည်ဆွဲယူ ဆုတ်ခွာသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကော့သောင်းမြို့နယ် ပျံလွှားပြောက်ကျားတပ်ဖွဲ့ (L-PDF) နဲ့ ကော့သောင်းမြို့နယ် မြို့ပြသမန်းကျားအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်သင်္ဘောဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ နဲ့ ၂၇ ရက်တုန်းက မလိဝမ်းနဲ့ ဘန်းကချွန်းရွာကြားရှိ ဥယျာဥ်ခြံတွေက ရာဘာပြားနဲ့ ဆိုင်ကယ်တွေ ခိုးယူပြီး သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။


