
ဒါရိုက်တာစိန်သီး ဦးဆောင်ပါဝင် ရိုက်ကူးထားတဲ့ “သူတောင်းစားရွေးကောက်ပွဲ” ရုပ်ရှင်နဲ့ “ကံ+ကန်” ရုပ်ရှင်တွေကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ဝင်ကြေးမယူဘဲ အခမဲ့ပြသသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ပွဲစီစဉ်သူတယောက်က “ကျနော်တို့ ပွဲစီစဉ်သူတွေက နေရာငှားရမ်းခနဲ့ လိုအပ်တာတွေကို စိုက်ထုတ်ပြီး အခမဲ့ပြသနိုင်အောင် ကြိုးစားထားတာပါ။ နယူးယောက်က မြန်မာပြည်သူတွေ အားလုံး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ ပြောပါတယ်။
“သူတောင်းစားရွေးကောက်ပွဲ” ရုပ်ရှင်နဲ့ “ကံ+ကန်” ရုပ်ရှင်တို့ဟာ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲကို သရော်ထားတဲ့ ဇာတ်ကားတွေဖြစ်ပြီး ဘုန်းဆက်သွင်၊ ပေါ်လွင်၊ ဆည်းဆာနဲ့ တခြား တော်လှန်ရေးအနုပညာရှင်တွေ ပူးပေါင်းပါဝင် အားဖြည့်ထားပါတယ်။
ရုပ်ရှင်ပွဲလာရောက်သူတွေရဲ့ စိတ်ဆန္ဒအတိုင်း ထည့်ဝင်မဲ့ တော်လှန်ရေးရန်ပုံငွေကိုပဲ လက်ခံသွားမှာဖြစ်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုတိယအပိုင်းနဲ့ တတိယအပိုင်းတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အားလုံး ပူးပေါင်းပါဝင်ပေးစေချင်တယ်လို့ ပွဲစီစဉ်သူတွေက မေတ္တာရပ်ခံပါတယ်။
ဇန်နဝါရီ ၁၀ ရက် ရုပ်ရှင်ပြပွဲကို ပီတိလူကြီးမိဘများနားခိုရာစင်တာမှာ မွန်းလွဲ ၁ နာရီနဲ့ ၃ နာရီ ၂ ကြိမ်ခွဲ ပြသသွားမှာဖြစ်ပြီး ရန်ပုံငွေ ရိုးရာအစားအသောက်တွေလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
သုတချမ်းသာ


