
မကွေးတိုင်းထဲက ၆ မြို့နယ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတာမှာ ဒရုန်းတပ်ဖွဲ့တွေလည်း ပါဝင်နေပြီး တိုက်ပွဲတွေအတွင်း ဒရုန်း ၃ စင်း ဆုံးရှုံးခဲ့ရတယ်လို့ မကွေးတိုင်း ပကဖ ဒရုန်းတာဝန်ခံ ကိုကောင်း က ပြောပါတယ်။
စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ မြို့နယ်က စစ်စခန်းတွေကို ဒီဇင်ဘာ ၂၃ ရက်မနက် ကစလို့ မကွေးတိုင်းစစ်ဌာနရဲ့ ဦးစီးကွပ်ကဲမှုနဲ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အခုအခါ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တို့ကို တော်လှန်ရေးအင်အားစုတွေက ဝန်းရံပိတ်ဆို့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ညမှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း ပကဖ ဒရုန်းတာဝန်ခံ ကိုကောင်း က “ကျနော်တို့က စစ်စခန်းတွေကို ဗုံးကြဲသလို မြေပြင်အဖွဲ့တွေ ဆုတ်နိုင်၊ တိုးနိုင်အောင်လည်း လုပ်ပေးရတယ်။ ဒရုန်းကြောင့် စစ်သားတွေ ဂိတ်တွေ၊ စခန်းတွေကို စွန့်ခွာပြေးရတာလည်းရှိတယ်။ ကျနော်တို့ဘက်ကတော့ ပြီးခဲ့တဲ့ရက်ကပဲ စလင်းနယ်ထဲမှာ စစ်တပ်ရဲ့ ဂျန်မာမိပြီး ဒရုန်း ၃ စင်း ဆုံးရှုံးသွားတယ်။ တန်ဖိုးအားဖြင့်တော့ သိန်း ၃၀၀ လောက်ရှိတာပေါ့” လို့ ပြောပါတယ်။
မကွေးတိုင်း ပကဖ ဒရုန်းတပ်ဖွဲ့ရဲ့ စုဖွဲ့မှုနဲ့ စလင်း ပကဖ ဒရုန်းတပ်ဖွဲ့၊ ဒေါင်းစစ်အောင် ဒရုန်းတပ်ဖွဲ့၊ ဗမာ့တပ်တော်(BA) ဒရုန်းတပ်ဖွဲ့၊ ငဖဲ ပကဖ ဒရုန်းတပ်ဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ဆင်ရေး ၅ ရက်လောက်ကြာလာပြီဖြစ်ပြီး ထိုးစစ်အတွင်း အဲဒီမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၅ ရက် ည ၇ နာရီလောက်မှာ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ဆီကို ဦးတည်လာတဲ့ အင်အား ၁၇၀ လောက်ပါတဲ့ စစ်ကူစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်ကြောင်းမှာပါတဲ့ လက်နက်ခဲယမ်းနဲ့ ဒရုန်းတွေတင်ဆောင်လာတဲ့ ကား ၅ စီးလုံး နေရာမှာပေါက်ကွဲပျက်စီးပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးအများကြီးနဲ့ ထွက်ပြေးသွားရတယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ လေယာဉ်ဗုံးတွေထုတ်လုပ်တဲ့ ဆိပ်ဖြူမြို့နယ်ထဲက ကပစ ၂၁၊ ကပစ ၂၂၊ လက်နက်ကြီး ကျည်ဆန်တွေထုတ်လုပ်တဲ့ ပေါက်မြို့နယ်က ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်ပေါင်း ၁၀၀ ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။


