
မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို မဖျက်သိမ်းဘဲ ခွင့်ပြုချက်ပြန်ပေးဖို့ ထရမ့်ပ်အစိုးရကို မြန်မာနိုင်ငံသားတွေကိုယ်စား အာရှ-အမေရိကဆိုင်ရာ အဖွဲ့အစည်း ၂ ခုက တရားစွဲဆိုထားပါတယ်။
အမေရိကန်အစိုးရ၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာ ၂၄ ရက်မှာ မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို ဖျက်သိမ်းကြောင်း ကြေညာထားတာပါ။
ဒီကြေညာချက်နဲ့ပတ်သက်ပြီး အမေရိကန်ရောက် TPS နဲ့နေထိုင်သူ မြန်မာ ၄,၀၀၀ ဝန်းကျင်ကိုယ်စား Asian-American Legal Defence and Education Fund (AALDEF) နဲ့ International Refugee Assistance Project (IRAP) တို့က ထရမ့်ပ်အစိုးရကို ဒီဇင်ဘာ တတိယအပတ်မှာ တရားပြန်စွဲထားကြောင်း သတင်းထုတ်ပြန်ပါတယ်။
တရားလိုအဖြစ် မြန်မာ ၆ ယောက်ပါဝင်တဲ့ တရားစွဲဆိုမှုနဲ့ ယာယီခိုလှုံခွင့် TPS ကို လွယ်လင့်တကူ မဖျက်ဘဲ အစိုးရက ပြန်လည်ခွင့်ပြုပေးဖို့ တရားရုံးမှာ တိုက်တွန်း တောင်းဆိုထားတာပါ။
မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေ၊ ပြန်သွားရင် အသက်အန္တရာယ်ရှိတာ၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ် အကျဉ်းချမှုတွေ၊ မြန်မာနိုင်ငံရင်ဆိုင်ထားရတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ငလျင်ဒဏ်တွေ၊ ဒီအချက်တွေကို လျစ်လျူရှုပြီး လူသားတွေရဲ့ လုံခြုံမှုကို ထည့်မတွက်ဘဲ ဥပဒေကိုချိုးဖောက်ပြီး ထရမ့်ပ်အစိုးရက TPS ကို ရုပ်သိမ်းတဲ့အတွက် တရားပြန်စွဲရတာ ဖြစ်တယ်လို့ AALDEF မှာ ပါဝင်တဲ့ ရှေ့နေတွေက ရှင်းလင်းထားပါတယ်။
ထရမ့်ပ်အစိုးရအဖွဲ့မှာပါဝင်တဲ့ TPS ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့သူတွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အနေအထားတွေကို သေသေချာချာ မလေ့လာဘဲ ဆုံးဖြတ်ခဲ့တဲ့အတွက် လူ့အခွင့်အရေးနဲ့ ဥပဒေအရ ပြန်ပြီး တရားစွဲတာလို့လည်း ရှင်းလင်းပါတယ်။
မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “တရားပြန်စွဲထားတဲ့ကိစ္စတွေ ရှိတယ်ပေ့ါနော်။ AALDEF လို့ခေါ်တဲ့ Asian-American Legal Defence and Education Fund နဲ့ IRAP လို့ခေါ်တဲ့ International Refugee Assistance Project ဆိုတဲ့ အဖွဲ့ကြီးတွေ၊ သူတို့က ဥပဒေနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တယ်၊ ဒုက္ခသည်တွေ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြဿနာတွေ သူတို့နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို နားလည်ကျွမ်းကျင်တဲ့ အဖွဲ့အစည်းကြီးတွေပေါ့၊ AALDEF ဆိုရင် ၁၉၇၄ လောက်ကတည်းက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ သူတို့ကနေမှ တရားဝင်စာလည်းထုတ်ပြီး သူတို့ တရားရင်ဆိုင်နေပြီဆိုတာကို ပြည်သူကို အသိပေးထားတယ်။ ဒီလိုမျိုး မြန်မာနိုင်ငံကနေပြီးမှ လူ ၆ ဦး တရားလိုအနေနဲ့ တရားစွဲဆိုတယ်ဆိုတဲ့ အမှုမှာ မြန်မာတနိုင်ငံတည်း မဟုတ်ဘူးပေါ့နော်၊ TPS ကိစ္စဟာ တခြားနိုင်ငံတွေကလည်းပဲ ရင်ဆိုင်နေကြရတဲ့ ကိစ္စတွေ ဖြစ်တယ်။ တရားစွဲဆိုတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဟာ တခုအဖြစ်နဲ့ ပါဝင်တာဖြစ်တယ်။ ဒါလေးက ကျမတို့ နားလည်ရမယ်၊ အများရင်ဆိုင်နေရတဲ့ကိစ္စ ဖြစ်တယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက်ပိုင်း အချိန်တပတ်အတွင်းမှာ မြန်မာအပါအဝင် အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးခိုလှုံခွင့် ဆုံးဖြတ်ချက်တွေကို ရပ်ဆိုင်းတာ၊ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ဒုက္ခသည်အဖြစ် ရောက်ရှိနေထိုင်သူတွေရဲ့ Green Card တွေနဲ့ Case တွေကို ပြန်စစ်ဆေးတာတွေ ပြုလုပ်မယ်ဆိုတဲ့ ကြေညာချက်တွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။
လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ပြည်တွင်းနိုင်ငံရေးပေ့ါဗျာ၊ ဒီက သူတို့ကို ထောက်ခံတဲ့သူတွေကို စည်းရုံးဖို့ ဒီဟာနဲ့ နဂိုတုန်းက မဲဆွယ်ထားတာကိုး၊ Immigration Reform ဆိုပြီးတော့။ အဲဒါကို ကျနော်တို့က သိပ်တော့ ပြောလို့မရဘူးနဲ့ တူတယ်ဗျ။ ကွန်းဂရက်စ်ကတော့ သူတို့ ကန့်ကွက်တာပေ့ါလေ။ ဒါပေမယ့် ထရမ့်ပ်အစိုးရရဲ့ ပေါ်လစီကကျတော့ Immigration Reform က သူတို့ရဲ့ ဦးစားပေး ပေါ်လစီလိုမျိုး ဖြစ်နေတယ်။ အဲဒါကို အိမ်ဖြူတော်က Deputy Chief of Stuff Steven Millar က သိပ်လုပ်ချင်နေတယ်။ လုပ်ချင်နေတာဆိုတော့ သူတို့ မြန်မာပြည် တပြည်တည်းအတွက် လုပ်တာ မဟုတ်ဘူးလေဗျာ၊ ကျန်တဲ့လူမျိုးတွေ အများကြီးပဲနော်။ အကုန်လုံးကလည်း အဲဒီလိုပဲ ဥပဒေအရ ပြန်ပြီးတော့ ငြင်းတာတို့ ကန့်ကွက်တာတို့ ရှိတာပေါ့။ မြန်မာတွေကလည်း ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတော့ လုပ်တာပေါ့။ Asian-American အဖွဲ့အစည်းတွေကပေါ့နော်၊ မြန်မာတွေကိုယ်စား တရားစွဲပေးတာတို့ ဘာတို့ပေါ့လေ။ တရားရေးရာနဲ့ ကန့်ကွက်တယ် ပြောရမှာပေါ့နော်။ တရားစွဲတယ်ဆိုတာတော့ ပြောလို့မကောင်းဘူးပေါ့” လို့ ပြောပါတယ်။
အမေရိကန်လုံခြုံရေးကို ထိပါးစေတဲ့ နိုင်ငံ ၁၉ နိုင်ငံစာရင်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ထိုး ထုတ်ပြန်ထားတာပါ။
ဒီဇင်ဘာ ၂ ရက်ကစပြီး အမေရိကန်နိုင်ငံသားဆိုင်ရာနဲ့ လူဝင်မှုကြီးကြပ်ရေး USCIS က ၁၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ခိုလှုံခွင့်လျှောက်လွှာ၊ ဂရင်းကတ်နဲ့ နိုင်ငံသားလျှောက်လွှာ၊ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ လုပ်ငန်းတွေအထိ အကန့်အသတ်မရှိ ဆိုင်းငံ့ခဲ့ပါတယ်။
မြန်မာအပါအဝင် TPS ရပ်ဆိုင်းခံထားရတဲ့ နိုင်ငံတွေနဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေ အကန့်အသတ်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကွန်းဂရက်စ်အမတ်တွေက အစိုးရကို မေးခွန်းမေးတာ၊ ကြေညာချက်ထုတ်တာတွေ ဆက်တိုက်ပြုလုပ်နေပေမဲ့ ထရမ့်ပ်အစိုးရက လျစ်လျူရှုထားခဲ့တာ တွေ့ရပါတယ်။
သုတချမ်းသာ


